Homeမြန်မာသတင်း
မြိုင်ကလေး ဘိလပ်မြေစက်ရုံအနီးရှိ အင်းအိုင်များတွင် ရေအရောင်ပြောင်းပြီး ငါးများ သေဆုံး
မြိုင်ကလေး ဘိလပ်မြေစက်ရုံအနီးရှိ အင်းအိုင်များတွင် ရေအရောင်ပြောင်းပြီး ငါးများ သေဆုံး
DVB
·
October 16, 2019
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းက ကျေးရွာတချို့မှာ ရေတွင်း၊ ရေကန်၊ ချောင်းနဲ့ အင်းအိုင်တွေ ရေအရောင်ပြောင်းလဲတာနဲ့ပတ်သက်ပြီး ဓာတ်ခွဲစစ်ဆေးနေတဲ့ ရက်ပိုင်းအတွင်း ရေတွင်းကုန်းကျေးရွာက အင်းတွေမှာ အောက်တိုဘာ ၁၅ ရက်နေ့က ငါးအမြောက်အများ သေဆုံးခဲ့ပါတယ်။
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင်၊ မြိုင်ကလေး ဘိလပ်မြေစက်ရုံက စွန့်ပစ်လိုက်တဲ့ ကျောက်မီးသွေးလောင်စာသုံး စွန့်ပစ်ရေတွေကြောင့် စက်ရုံအနီးက ကျေးရွာတွေမှာ အခုရက်ပိုင်းအတွင်း ရေတွင်း၊ ရေကန်၊ ချောင်းနဲ့ အင်းအိုင်တွေမှာ ရေအရောင် ပြောင်းလဲနေတာပါ။
စတင်ဖြစ်ခဲ့တဲ့နေ့ကစပြီး အမည်းရောင် ပြောင်းလဲခဲ့တဲ့ ရေနမူနာတွေကို သက်ဆိုင်ရာက နေပြည်တော်နဲ့ ရန်ကုန်ကို ဓာတ်ခွဲစမ်းသပ်ဖို့ ပေးပို့ထားပေမယ့် ဒီကနေ့ထိ တိကျတဲ့အဖြေ မရရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဘားအံမြို့နယ်၊ ရေတွင်းကုန်းကျေးရွာ၊ ကိုသန်းတင်ဦးက “ငါးတွေက ဘယ်နေ့ ဘယ်ရက် သေတာလည်း ကိုယ့်မသိဘူး။ ငါးတွေက ပေါ်နေပြီ။ အဲဒီရေပေါ်မှာ ငါးခုံးမတွေကော အကုန်လုံး သေနေပြီ”လို့ ပြောပါတယ်။
ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က “မကြာခင်တော့ ကျနော်တို့ သက်ဆိုင်ရာ ပညာရှင်ဌာနတွေကနေပြီးတော့ ဘယ်လိုအကြောင်းကြောင့် ငါးတွေ သေဆုံးမှုဖြစ်တယ် ဆိုတာ ထုတ်ပြန်ပေးပါလိမ့်မယ်”လို့ ပြောပါတယ်။
ဘားအံမြို့နယ်၊ ငှက်ပျောတောကျေးရွာ၊ ဦးခင်စိန်က“နွားကအစ အကုန်လုံးရှိနေတဲ့ ကြက်၊ ဘဲ၊ ဝက် ကင်းရာကင်းကြောင်း ဆေးဝါးလာပြီးတော့ စမ်းသပ်ဖို့ ဒီရေနဲ့ပတ်သက်ပြီးတော့ စစ်ဆေးပေးပါ။ ကာကွယ်ဆေးထိုးဖို့ မလိုအပ်ဘူးလား”လို့ ပြောပါတယ်။
ပြည်နယ်ဝန်ကြီးချုပ်ကတော့ ဒေသခံတွေ စိုးရိမ်မှုမရှိအောင် စက်ရုံအနီးက ရေတွင်းရေကို နမူနာ သောက်ပြခဲ့သလို ဌာနဆိုင်ရာတွေနဲ့ ကလေးငယ်တွေ ရေချိုးတာတွေ ပြုလုပ်ပြသခဲ့ပေမယ့် ဒေသခံတွေအနေနဲ့ ကတော့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
သံလွင်မြစ်၊ ဖိုးရှိုးဆိပ်ကမ်းကနေ ကျောက်မီးသွေးသယ်ယာဉ်တွေ စည်းကမ်းမဲ့ မောင်းနှင်တာတွေကြောင့် ကျောက်မီးသွေးမှုန့်တွေကို ဒေသခံတွေနဲ့ ကျောင်းသား ကျောင်းသူတွေ နေ့စဉ် ရှူရှိုက်နေရတဲ့အတွက် ကျန်းမာရေး ထိခိုက်လာမှာကိုလည်း စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တန် ၄၀၀၀ မြိုင်ကလေးဘိလပ်မြေစက်ရုံကို ၂၀၁၆ ခုနှစ်ကစတင်ပြီး သဘာဝဓာတ်ငွေ့ကနေ ကျောက်မီးသွေးလောင်စာ ပြောင်းလဲသုံးစွဲဖို့ စက်ပြောင်းတပ်ဆင်ကတည်းက ဒေသခံတွေက ကန့်ကွက်ခဲ့ကြပေမယ့် ဒီကနေ့ထိ စက်ရုံက ဆက်လက်လည်ပတ်နေဆဲ ဖြစ်ပါတယ်။
ရဲမင်းခေါင်