မြန်မာမိန်းကလေးငယ် ၁ ဦး နော်ဝေ သံအမတ်အဖြစ် ၁ ရက်တာ တာဝန်ထမ်းဆောင်
ပိုင်စိုး
·
October 15, 2019
မြန်မာမိန်းကလေးငယ်တယောက်ဟာ ရန်ကုန်က နော်ဝေသံရုံးမှာ သံအမတ်ကြီးအဖြစ် ပြီးခဲ့တဲ့ ရက်ပိုင်းက တရက်တာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အသက် ၂၀ အရွယ် မအေးအိန္ဒြာမောင်ဟာ Plan International ရဲ့ ပုခုံးပြောင်းတာဝန် လွှဲယူကြမယ့် မိန်းကလေးငယ်တွေ (Girls Take Over)စီအစဉ်ရဲ့ ကဏ္ဍတခုအနေနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ နော်ဝေသံရုံးတခုလုံးကို ဦးဆောင်စီမံခန့်ခွဲသွားခဲ့တာလို့ သံရုံးက ထုတ်ပြန်ထားပါတယ်။
“အစည်းအဝေးချည်းပဲ ၁၀ ခုလောက်တက်ခဲ့ရတဲ့ ဒီနေ့ကတော့ အတော့်ကို ရှုပ်ထွေး ပင်ပန်းလွန်းပါတယ်။ ဒါပေမယ့် ကျမကတော့ ပျော်နေတာပဲ။ သံတမန်လောကမှာလည်း အလုပ်လုပ်ချင်ပါတယ်။ အမျိုးသမီးတယောက်ကဦးဆောင်နေတဲ့ သံရုံးမှာ အလုပ်လုပ်ရတာကိုက အရမ်းကို စိတ်ခွန်အား တိုးပွားခဲ့ပါတယ်။ ကျမလို မိန်းကလေးငယ်တွေကိုလည်း ဦးဆောင်သူတွေ ဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်” လို့ အေးအိန္ဒြာမောင်က ပြောပါတယ်။
အခွင့်အလမ်းပေါ်လာရင် တွန့်ဆုတ်မနေဘဲ အမိအရသာ ဖမ်းဆုပ်လိုက်ပါ လို့လည်း သူက တိုက်တွန်းပါတယ်။
မအေးအိန္ဒြာမောင်ဟာ ရန်ကုန်တက္ကသိုလ်မှာ နိုင်ငံတကာဆက်ဆံရေးပညာ ဒုတိယနှစ် တက်ရောက်နေသူ ဖြစ်ပါတယ်။
သူဟာ ရန်ကုန်မှာရှိတဲ့ သံမှူးတွေနဲ့အတူ ရွေးကောက်ပွဲဆိုင်ရာအစည်းအဝေးကို တက်ရောက်ခဲ့ရသလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဥက္ကဋ္ဌဖြစ်လာရေး နော်ဝေရဲ့ ကြိုးပမ်းတာတွေ အတွက် ဝင်ပြီးအကြံပေးဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် Norwegian Church Aid အဖွဲ့ကိုလည်း လက်ခံတွေ့ဆုံခဲ့သလို သံရုံးရဲ့ ဆိုရှယ်မီဒီယာမှာလွှင့်တင်မယ့် အကြောင်းအရာတွေကိုလည်း လမ်းညွှန်ဆုံးဖြတ်ပေးခဲ့ပါသေးတယ်။
နော်ဝေသံအမတ်ကြီး Tone Tinnes က “သံအမတ်အဖြစ်နဲ့ တရက်တာ တာဝန်ယူ လုပ်ဆောင် သွားခဲ့တဲ့ အေးအိန္ဒြာရဲ့လုပ်ရပ်တွေကတော့ အံ့မခန်းပါပဲ။ အနာဂါတ်မှာ အမျိုးသမီး ခေါင်းဆောင် တယောက် ဖြစ်လာနိုင်တဲ့ မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ်တွေထဲက အထင်ရှားဆုံး စံနမူနာတခုလို့လည်း ဆိုရမှာပါ။ နောက်ဆိုရင် နိုင်ငံရေးနယ်ပယ်နဲ့ ဦးဆောင်သူအခန်းကဏ္ဍတွေမှာ ပေါ်လွင် ထင်ရှားလာမယ့် မြန်မာမိန်းကလေးအားလုံးကို ကိုယ်စားပြုသွားတယ်ဆိုရင်လည်း မမှားပါဘူး” လို့ ပြောပါတယ်။
သံအမတ်ကြီးအဖြစ်နဲ့ တရက်တာ လာရောက်ထမ်းဆောင်ပေးသွားတဲ့ သံအမတ်ကြီး အေးအိန္ဒြာကို အထူးပဲ ကျေးဇူးတင်ရှိတယ်လို့ နော်ဝေသံရုံးက ဆိုပါတယ်။
Girls Take Over အစီအစဉ်ဟာ ကမ္ဘာတဝန်း ရှိနေကြတဲ့ မိန်းကလေးငယ်တွေအနေနဲ့ ဦးဆောင်မှုကဏ္ဍကို ရယူနိုင်ကြစေဖို့ တိုက်တွန်းအားပေးတဲ့အနေနဲ့ လူမှုရေးအရရော နိုင်ငံရေး အရပါ ကြိုးပမ်းဆောင်ရွက်သင့်တာတွေကို နှိုးဆော်ပေးနေတာပါ။