ရှစ်လေးလုံး သွေးသစ်အဖွဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုစတင်
DVB
·
October 15, 2019
ပြည်သူလူထုတွေ ငြိမ်းချမ်းရေးအသိရှိစေဖို့နဲ့ ပူးပေါင်းပါဝင်နိုင်ဖို့ ရှစ်လေးလုံးသွေးသစ်အဖွဲ့နဲ့ ငြိမ်းချမ်းရေးအထောက်အကူပြုအဖွဲ့တို့ ပူးပေါင်းကာ ငြိမ်းချမ်းရေးနှိုးဆော်သံ ၇ ရက်တာ လှုပ်ရှားမှု စတင်ပြုလုပ်နေပါတယ်။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့မှာ အောက်တိုဘာ ၁၄ ရက် မနက် ၈ နာရီမှ စတင်ကာ ရှစ်လေးလုံးသွေးသစ်အဖွဲ့နဲ့ အရပ်သားအပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့တို့ ပူးပေါင်းကာ ငြိမ်းချမ်းရေးနှိုးဆော်သံ တေးသီချင်းသီဆိုပြီး လက်ကမ်းစာစောင်တွေ ဝေငှခဲ့ကြပါတယ်။
ဦးဆောင်သူ ၈ လေးလုံးသွေးသစ်မှ ကိုကျော်မိုးသန်းက “ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရှိပြည်သူလူထုတွေဟာ ငြိမ်းချမ်းရေးမှာ ပူးပေါင်းပါဝင်နိုင်ဖို့နဲ့ ငြိမ်းချမ်းရေးအသိရှိစေဖို့ တပတ်တာလှုပ်ရှားမှုကို မိုးညှင်းမြို့နယ်အတွင်း ၃၈ နေရာမှာ ပြုလုပ်သွားမှာဖြစ်တယ်”လို့ ပြောပါတယ်။
ဒီလှုပ်ရှားမှုမှာ ကချင်၊ ရှမ်း၊ ရခိုင်၊ ဗမာ၊ ချင်း တိုင်းရင်းသား ၅ မျိုး စုပေါင်းပါဝင်ပြီး ငြိမ်းချမ်းရေးသီချင်းတွေ သီဆိုခဲ့ကြသည်လို ငြိမ်းချမ်းရေးဆိုသည်မှာ စစ်မက်ကင်းခြင်း၊ တရားမျှတမှုရှိခြင်း၊ လုံခြုံခြင်း၊ ပဋိပက္ခ ကင်းခြင်း၊ အကြမ်းဖက်မှုကင်းခြင်း၊ ခိုက်ရန်ကင်းခြင်း၊ တရားဥပဒေစိုမိုးခြင်း ချစ်ခြင်းမေတ္တာ လွှမ်းခြုံခြင်း ဖြစ်ကြောင်း အသိပညာပေးခဲ့ကြပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးပိုင်ရှင်ဟာ ပြည်သူပြည်သားတွေသာဖြစ်တဲ့အကြောင်း၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့နဲ့ ငြိမ်းချမ်းရေးကို အစဉ်စောင့်ကြပ်ထိန်းသိမ်းတာဟာ ပြည်သူပြည်သားတွေရဲ့ တာဝန်ဖြစ်ကြောင်း ပညာပေးထားတဲ့ လက်ကမ်းစာစောင် တွေလည်း ပေးဝေခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုကို အောက်တိုဘာ ၂၀ ရက်နေ့ထိ နန့်စီးအောင်၊ မိုးညှင်း၊ နန်းမား၊ ဟိုပင်နဲ့ အင်းတော်ကြီး စတဲ့မြို့တွေမှာလည်း လှည့်လည် ပြုလုပ်မယ်လို့ သိရပါတယ်။
သတင်း - မုန်းမုန်းမင်း