လှိုင်းဘွဲ့မြို့နယ်တွင် မူးယစ်ရမ်းကားပြီး ဓားဖြင့်လိုက်ခုတ်သူအား ပစ်ခတ်ဖမ်းဆီး
DVB
·
October 14, 2019
ကရင်ပြည်နည်၊ လှိုင်းဘွဲ့မြို့နယ်မှာ အောက်တိုဘာ ၁၃ ရက်နေ့က မူးယစ်ရမ်းကားနေသူတဦးအား ရဲတပ်ဖွဲ့ သွားရောက်ထိန်းသိမ်းရာမှာ ဓားကိုင်ရန်ပြုတာကြောင့် သတိပေး ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့က ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်၊ ထီလုံကျေးရွာ အောင်သုခလမ်းဆုံမှာ ဦးစံမြင့်(ခ)ရဲဘော် (၆၂-နှစ်)ဟာ အရက်သေစာ သောက်စားမူးယစ်ပြီး လမ်းသွားလမ်းလာတွေအား လေးခွနဲ့ပစ်ပြီး ဓားနဲ့ခုတ်နေကြောင်း သတင်းရလို့ ထီလုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်တွေအပါအဝင် ပူးပေါင်းအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
ဖမ်းဆီးရာမှာ ဦးစံမြင့်က အရိုး/အသွား ၂ ပေခန့်ရှိ ဓားမ ၁ ချောင်းအား ကိုင်ဆောင်ထားတာကို တွေ့ရှိတာကြောင့် အသာတကြည်အဖမ်းခံဖို့ ပြောဆိုပေမယ့် ရဲတပ်ဖွဲ့ဝင်တွေကို ဓားနဲ့ခုတ်ဖို့ ပြေးဝင်လာတာကြောင့် ပြောင်းချောသေနတ်နဲ့ ၁ ချက် သတိပေး ပစ်ခတ်ခဲ့ရာ ဝမ်းဗိုက် ဖူးရောင်ပေါက်ပြဲ ဒဏ်ရာတွေ(မစိုးရိမ်ရ) ရရှိခဲ့လို့ ဘားအံမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။
ဦးစံမြင့်(ခ)ရဲဘော်မှ လေးခွနဲ့ပစ်၊ ဓားနဲ့ခုတ်တာကြောင့် တရွာတည်းနေ ရွာသား ၃ ဦးတို့ နဖူး၊ လက်ဖျံ၊ ရင်ဘတ်၊ တင်ပါးဖူး ရောင်ပြတ်ရှဒဏ်ရာ ၄ ချက် (မစိုးရိမ်ရ) ရရှိခဲ့ပြီး ဘားအံမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင် ကုသခဲ့ထားတယ်လို့ သိရပါတယ်။
ဦးစံမြင့်အား ထီလုံနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၆ (ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် အပြင်းအထန် နာကျင်စေမှု)၊ ပုဒ်မ ၂၉၄/၃၂၅ (ဆဲဆိုမှု)၊ မိမိအလိုအလျောက် အပြင်းအထန် နာကျင်စေမှု)၊ ပုဒ်မ ၃၅၃ (တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းအား ဟန့်တားရန် လက်ရောက်မှု) စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။