လူ ၁၀၀ တွင် ၅ ဦးခန့် စိတ်ရောဂါ ခံစားနေရ
စိုးမိုးအောင်
·
October 13, 2019
စစ်တမ်းတွေအရ လူ ၁၀၀ မှာ ၅ ယောက်လောက် ဆိုးရွားတဲ့ စိတ်ရောဂါ ခံစားနေရတယ်လို့ ရန်ကုန်ဆေးတက္ကသိုလ်(၁) စိတ်ကျန်းမာရေးဌာန ကထိကတဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စိတ်ကျန်းမာရေးရောဂါ ဖြစ်ပွားမှု ပိုမိုမြင့်တက်လာသလို ရန်ကုန် ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံကြီးမှာ နေ့စဉ် လူနာ ၁၅၀၀ လောက် ကုသနေရပြီး တနှစ်ကို လူနာ ၁၅၀၀၀ လောက်အထိ ရှိနေတယ်လို့ ဆိုပါတယ်။
ပြင်ပဆေးခန်းမှာ တက်ရောက်ကုသနေတဲ့ စိတ်ရောဂါလူနာတွေကလည်း ဆေးရုံကြီးတွေထက် ပိုမိုများပြားလာနေသလို စစ်တမ်းတွေအရ လူ ၁၀၀ မှာ လူ ၅ ယောက်လောက်ဟာ ဆိုးရွားတဲ့ စိတ်ရောဂါဖြစ်နေတယ်လို့ ရန်ကုန်ဆေးတက္ကသိုလ် (၁) စိတ်ကျန်းမာရေးဌာန ကထိက ဒေါက်တာသက်ဇော်က ပြောပါတယ်။
ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံကြီးမှာ အိမ်ခြေမဲ့အဖြစ် အမြဲတမ်း နေထိုင်နေရသူ ၅၀၀ လောက်ရှိနေသလို မြန်မာလူဦးရေရဲ့ ၁၄ ရာခိုင်နှုန်းဟာ အိမ်ခြေမဲ့အခြေအနေ ဖြစ်နေလို့ စိတ်ကျန်းမာရေးပြဿနာတွေ ရှိလာနိုင်တယ်လို့လည်း စိတ်အထူးကုဆရာဝန် ဒေါက်တာစန်းစန်းဦးက ပြောပါတယ်။
စိတ်ကျန်းမာရေးလူနာကို ဆေးတမျိုးတည်း တိုက်ပြီး ကုသလို့ မရသလို လူနာတွေအတွက် ဆေးရရှိမှုကလည်း အားနည်းနေတဲ့အပြင် ကျန်းမာရေးအသုံးစရိတ်မှာ စိတ်ကျန်းမာရေးအတွက် ဘတ်ဂျက်က အနည်းဆုံးဖြစ်နေသလို စိတ်ကျန်းမာရေးကို အသိအမှတ်ပြုမခံရဘူးလို့ ပြောပါတယ်။
ဒါ့အပြင် ကလေးငယ်တွေဟာ မိသားစုရဲ့ဂရုစိုက်မှု မခံရတာ၊ ကျောင်းနေတဲ့အခါ ခွဲခြားဆက်ဆံခံရတာ၊ အနိုင်ကျင့်ခံရတာ၊ ဆင်းရဲတာနဲ့ အရွယ်နဲ့မလိုက်အောင် မိသားစုတာဝန်တွေ ယူရတာတွေကလည်း ကလေးငယ်တွေအတွက် စိတ်ဝေဒနာဖြစ်စေတယ်လို့ မန္တလေးစိတ်ကျန်းမာရေးဆေးရုံက စိတ်အထူးကုဆရာဝန် ဒေါက်တာမြတ်သူဇာက ပြောပါတယ်။
ကလေးငယ် ၁၀ ဦးမှာ ၁ ဦးဟာ စိတ်ကျန်းမာရေး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီနေတာကြောင့် စိတ်ဝေဒနာ ခံစားနေရတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စိတ်ကျန်းမာရေးရောဂါတွေ ပိုမိုဖြစ်ပွားလာနေတဲ့အပေါ် စိတ်ကျန်းမာရေးသတင်းတွေ ရေးနိုင်ဖို့ သင်တန်းကို အောက်တိုဘာ ၁၂ ရက်နေ့က ရန်ကုန်မြို့၊ ဒဂုံမြောက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီသင်တန်းကို မီဒီယာအသီးသီးက သတင်းသမားတွေ တက်ရောက်ခဲ့ပြီး စိတ်ကျန်းမာရေးဆေးရုံကြီးတွေက စိတ်အထူးကုဆရာဝန်တွေ၊ စိတ်ပညာရှင်တွေနဲ့ နိုင်ငံတကာက စိတ်ကျန်းမာရေးဆရာဝန်တွေ လာရောက်သင်ကြားခဲ့တာပါ။