ထားဝယ်ရိုးရာ သပိတ်မျှောပွဲ (ဓာတ်ပုံ)
DVB
·
October 13, 2019
သီတင်းကျွတ်လပြည့်နေ့ ထား၀ယ်ရိုးရာသပိတ်မျှောပွဲကို ထားဝယ်မြစ်ကမ်းဘေးမှာ ကျင်းပခဲ့ကြပြီး သပိတ်ငယ် ၁၃၀၀၀ လောက်နဲ့ သပိတ်ကြီး အလုံး ၄၀ မျှောခဲ့ကြတယ်လို့ သိရပါတယ်။
ထား၀ယ်မြို့ ဒေသခံတွေနဲ့ ဧည့်သည်တွေက ထား၀ယ်မြစ်ကမ်းနံဘေးရှိ သတ်မှတ်ထားတဲ့ နေရာ ၆ နေရာမှာ ထား၀ယ်ရိုးရာ သပိတ်ငယ်တွေနဲ့ သပိတ်ကြီးတွေကို မျှောပြီး ပူဇော်ခဲ့ကြတယ်လို့ ထား၀ယ်ရိုးရာသပိတ်မျှော ပွဲစီစဉ်သူတွေထံက သိရပါတယ်။
ထား၀ယ်မြို့၊ တလိုင်းထိန်ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်း၊ ပြည်သူ့အပန်းဖြေရင်ပြင်နေရာ၊ ကြက်စားပြင်ရပ်ကွက်၊ မင်းရပ်ကူးတို့ဆိပ်နေရာ အပါအ၀င် လှေဆိပ်တွေမှာ အရှင်ဥပဂုတ္တမထေရ်မြတ်အား ရည်စူးပြီး ထား၀ယ်ရိုးရာ သပိတ်မျှောပွဲတော် ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။
“မနှစ်ကထက် ပိုစည်ကားတယ်၊ သပိတ်လည်း ပိုတယ်၊ လူလည်း ပိုလာတယ်၊ ၃ နာရီခွဲ ၄ နာရီလောက်မှာ လူအစတိုးလာတယ်၊ ၅ နာရီလောက်မှာ လူပိုပြီး တိုးလာတယ်” လို့ မင်းရပ်ကူးတို့ဆိပ်မှာ ပြုလုပ်တဲ့ ထား၀ယ်ရိုးရာသပိတ်မျှောပွဲကို ဦးဆောင်သူတဦးဖြစ်တဲ့ ဦးအောင်ဆွေက ပြောပါတယ်။
ထားဝယ်ရိုးရာသပိတ်မျှောပွဲကို တနင်္သာရီတိုင်း၀န်ကြီးချုပ် ဦးမြင့်မောင်နဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေ၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ရောက် သပိတ်မျှောခဲ့ကြပါတယ်။
ထား၀ယ်မြို့၊ ကမြောကင်းတံတားအနီး မီးပွိုင့်နေရာတွင်လည်း အောက်တိုဘ ၁၂ ရက် ည က သပိတ်မျှောပွဲတော် သွားရောက်တဲ့ယာဉ်တွေ များပြားမှုကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ပါတယ်။
အရှင်ဥပဂုတ္တမထေရ်မြတ်အား ရည်စူးပြီး သပိတ်များမျှောကာ အရုဏ်ဆွမ်းကပ်လှူဒါန်းတဲ့ ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကို နှစ်စဉ်ကျင်းပတာဖြစ်ပြီး သပိတ်ထဲမှာ ဆွမ်း၊ မုန့်၊ သစ်သီး၊ ပေါက်ပေါက်၊ မုန့်ဆီကြော်၊ ယိုအမျိုးမျိုး စတဲ့လှူဖွယ်တွေကို ထည့်ပြီး တံခွန်၊ ကုက္ကားတွေ စိုက်ထူကာ ဆီးမီးထွန်းညှိ သပိတ်မျှောတာလည်း ဖြစ်ပါတယ်။
ရာသီဥတု မိုးသေ၀လ ကောင်းမွန်စေဖို့၊ ဆန် ရေ စပါး စီးပွားဥစ္စာ ပေါများတိုးတက်စေဖို့၊ မိုးဒဏ်၊ လေဒဏ်၊ သဘာဝဘေး ရန်တွေနဲ့ မကောင်းသောဘေးဘယာ ကံကြမ္မာအပေါင်း ကင်းဝေးလွတ်မြောက်စေဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာလို့ သိရပါတယ်။
တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ထားဝယ်ရိုးရာ သပိတ်မျှောပွဲကို ပြီးခဲ့တဲ့နှစ်တွေက ၁ ရက်သာ ကျင်းပခဲ့ပေမယ့် ဒီနှစ်မှာတော့ ၃ ရက် ကျင်းပမယ်လို့ သိရပါတယ်။