အများအားဖြင့် ခြုံငုံဖော်ပြရရင်တော့ –
- ဆေးခြောက် – ဆေးခြောက်သုံးတဲ့သူတွေမှာ မျက်စိနီတာ၊ မျက်လုံးအကြည့်က အသက်မပါတာ၊ မလိုအပ်ဘဲ ထရယ်တာ၊ စကားသံကျယ်လောင်တာ၊ စိတ်အားတက်ကြွမှု နဲ့ စိတ်ဝင်စားမှုနည်းတာ၊ ကိုယ်အလေးချိန်ပြောင်းလဲတာတွေဖြစ်စေနိုင်တယ်။
- Opioids – OxyContin၊ hydrocodone ၊ Vicodin ၊ Percocet ၊ Demerol တို့လို ဆရာဝန်ညွှန်ကြားချက်နဲ့သောက်ရတဲ့ opioid အကိုက်အခဲပျောက်ဆေးတွေ ဒီအမျိုးအစားမှာ ပါဝင်ပါတယ်။ ဒီဆေးတွေနဲ့ ဘိန်း သုံးစွဲတဲ့အခါ အလင်းရောင်ကောင်းတဲ့နေရာမှာတောင် သူငယ်အိမ်ကျုံ့စေနိုင်တယ်၊ အစားအသောက်ပျက်တယ်၊ အရမ်းအိပ်မယ်၊ အန်မယ်၊ ချောင်းဆိုးမယ်၊ ချွေးတွေထွက်မယ်၊ မျက်ကြောလိုက်တတ်တယ်၊ နှာခေါင်းတရှုံ့ရှုံ့ဖြစ်မယ်။
- စိတ်ကြွဆေး – စိတ်ကြွဆေးတွေက ဗဟိုအာရုံကြောစနစ်ကို လှုပ်ရှားလုပ်ဆောင်မှုပိုစေတဲ့ဆေးတွေဖြစ်ပြီး amphetamine နဲ့ methamphetamine တို့လို ဆရာဝန်ညွှန်ကြားမှရတဲ့ ဆေးတွေကို တလွဲသုံးခြင်း၊ ကိုကင်း၊ crystal meth တို့ပါဝင်ပါတယ်။ စိတ်ကြွဆေးဝါးတွေက စိတ်ကူးယဉ်မျောလွင့်မှုကိုဖြစ်စေပြီး ခွန်အားပိုရှိစေတာ၊ လန်းဆန်းတက်ကြွစေတာ၊ အအိပ်နည်းတာ၊ အစာစားချင်စိတ်နည်းစေတာ၊ ကိုယ်အလေးချိန်ကျစေတာ၊ အာခေါင်ခြောက်စေတာ၊ စိတ်တိုဒေါသဖြစ်လွယ်စေတာ၊ စိုးရိမ်စိတ်များစေတာတို့ပါဝင်ပါတယ်။ စိတ်ကြွဆေးသုံးထားသူတွေက တက်ကြွလွန်နေတာ၊ စကားများလွန်းတာ၊ ပြုံးရွှင်နေရာကနေ ချက်ချင်းစိတ်ဓာတ်ကျတာတွေ ဖြစ်လာနိုင်ပါတယ်။
- စိတ်ငြိမ်ဆေး – ခန္ဓာကိုယ်ကို ပြေလျော့စေပြီး အိပ်ပျော်စေတဲ့ စိတ်ငြိမ်ဆေးတွေပါ။ ဆရာဝန်ညွှန်ကြားချက်နဲ့သောက်ရတဲ့ ဒီဆေးတွေကို အိပ်မပျော်တဲ့လူနာတွေနဲ့ စိုးရိမ်စိတ်များတဲ့လူနာတွေကိုကုသရာမှာ သုံးလေ့ရှိပါတယ်။ Benzodiazepines အပါအဝင် ဒီဆေးတွေက အိပ်ငိုက်တာ၊ ဟန်ချက်ထိန်းမရနိုင်တာ၊ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းမကောင်းတာ၊ စကားဗလုံးဗထွေးပြောတာ၊ အာရုံစူးစိုက်ဖို့ခက်တာ၊ အရက်မူးသလိုလက္ခဏာတွေဖြစ်တာတို့ ဖြစ်စေပါတယ်။
- အာရုံမှာ ထင်ယောင်ထင်မှားဖြစ်စေတဲ့ဆေး – ဒီဆေးတွေထဲမှာ Phencyclidine (PCP)၊ angel dust၊ peyote၊ Lysergic acid diethylamide(LSD) တို့ပါဝင်ပါတယ်။ ဒီဆေးတွေက အာရုံကို ထင်ယောင်ထင်မှားတွေဖြစ်စေတဲ့အပြင် သူငယ်အိမ်ကျယ်ခြင်း၊ အာရုံရှုပ်ထွေးခြင်း၊ စကားဗလုံးဗထွေးဖြစ်ခြင်း၊ အကြောက်လွန်သံသယစိတ်ဖိစီးခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ ရန်လိုခြင်း၊ အတွေးထဲနစ်မျော စိတ်စွဲလမ်းမှုတွေဖြစ်စေပါတယ်။
- ရှူသွင်းခြင်း – ဒီအမျိုးအစားမှာ ကော်၊ aerosol နဲ့ အိမ်သုတ်ဆေးတို့လို အရှိန်တက်စေနိုင်တဲ့ အိမ်သုံးဓာတုပစ္စည်းတွေပါဝင်ပါတယ်။ ကော်ရှူတာလိုမျိုး သုံးစွဲမှုတွေကြောင့် မှတ်ဉာဏ်ပြဿနာတွေ၊ ပါးစပ် ဒါမှမဟုတ် နှာခေါင်းတဝိုက်မှာ အနီကွက်တွေဖြစ်စေတာ၊ နှာရည်ကျတာ၊ အမြင်အာရုံပြဿနာ၊ ခေါင်းကိုက်တာ၊ ငိုက်မျဉ်းတာ၊ စိုးရိမ်စိတ်များတာ၊ မအီမသာဖြစ်တာ၊ ကြွက်သားထိန်းချုပ်လို့မရတာ၊ အစာစားချင်စိတ်အပြောင်းအလဲဖြစ်တာတွေ ရှိလာနိုင်ပါတယ်။
ဒီလောက်ဆို မူးယစ်ဆေးသုံးထားလား၊ မသုံးထားဘူးလားဆိုတာ ယေဘုယျအားဖြင့်တော့ သတိထားကြည့်လို့ရနိုင်ပါတယ်နော်။