ရန်ကုန်အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်က ကျောင်းသားများတိုးမြှင့်ခေါ်ယူမည်
ဆုဆုသွယ်
·
October 11, 2019
ရန်ကုန်အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ကို ဝင်ခွင့်လျှောက်ထားသူတွေ အခုပညာသင်နှစ်မှာ ပိုမိုများပြားလာတဲ့အတွက် ဘာသာရပ်တခုကို ကျောင်းသားဦးရေ ၈၀ ခေါ်ယူသွားမယ်လို့ ပါမောက္ခချုပ်ကပြောပါတယ်။
ရန်ကုန် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှာ သဘင်၊ ဂီတ၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နဲ့ ပြဇာတ်အထူးပြုစတဲ့ ဘာသာရပ်(၅)ခုကို သင်ကြားနေတာပါ။
အခုနှစ်ပညာသင်နှစ်အတွက် ဘာသာရပ်တခုကို ကျောင်းသား ဦးရေ ၅၀ ခေါ်ယူဖို့ မူလက ကြေညာထားပေမယ့် ဝင်ခွင့်လျှောက်ထားတဲ့ကျောင်းသားတွေများတဲ့အတွက် ဘာသာရပ်ခုကို ကျောင်းသား ၈၀ ဦး အထိခေါ်ယူသွားမယ်လို့ ပါမောက္ခချုပ် ဦးအောင်နိုင်မြင့် ကပြောပါတယ်။
ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ရောက်ကြတဲ့ကျောင်းသားတွေဟာ အခုနောက်ပိုင်းမှာ မိမိတို့ဝါသနာပါတဲ့အထူးပြုဘာသာရပ်တွေကို အဓိကရွေးချယ်လာကြတာနဲ့ ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ကဘွဲ့ ရရှိတဲ့ကျောင်းသားတွေဟာ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိတဲ့အတွက် လျှောက်ထားသူတွေ များလာတာဖြစ်ပါတယ်။
ဝင်ခွင့်လျှောက်ထားတဲ့ ကျောင်းသားတွေကို အောက်တိုဘာ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ လူတွေ့စစ်ဆေးမှာဖြစ်ပြီး အနုပညာကိုဝါသနာပါတဲ့ Talentရှိတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ဦးစားပေးရွေးချယ်သွားမယ်လို့ သိရပါတယ်
တက္ကသိုလ်ဝင်ခွင့်ရတဲ့ ကျောင်းသူကျောင်းသားတွေဟာ ရန်ကုန်အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှာ ဘာသာရပ် ၅ ခုကို ၄ နှစ်ကြာ တက်ရောက် သင်ယူရမှာဖြစ်ပြီး ကျောင်းပြီးရင် ဝိဇ္ဇာဘွဲ့ ပေးအပ်ချီးမြှင့်မှာပါ။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ဟာ ရန်ကုန်မှာတကျောင်းနဲ့ မန္တလေးမှာ တကျောင်း မြန်မာတနိုင်ငံလုံးမှာ ၂ ကျောင်းသာ ဖွင့်လှစ်သင်ကြားပေးနေတာ ဖြစ်ပါတယ်။