ရော့ခ်သီချင်းများဖြင့် ခံစားပေါက်ကွဲမည့် အိုင်စီ ဖျော်ဖြေပွဲလက်မှတ်များ စတင်ရောင်းချ
DVB
·
October 10, 2019
မြန်မာနိုင်ငံရဲ့ တေးဂီတလောကမှာ ဆယ်စုနှစ်တွေနဲ့ချီပြီး အောင်အောင်မြင်မြင် ရပ်တည်နိုင်ခဲ့တဲ့ ရော့ခ်တေးဂီတအဖွဲ့ဖြစ်တဲ့ အိုင်စီအဖွဲ့ရဲ့ ဖျော်ဖြေပွဲကို လာမယ့်အောက်တိုဘာလ ၁၂ ရက်နေ့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။
၁၉၉၀ ပြည့်လွန်ကာလတွေကတည်းက ဂီတလောကမှာ လျှမ်းလျှမ်းတောက် ပရိ သတ်လက်ခံအားပေးမှုရရှိထားခဲ့တဲ့ ဒီအဖွဲ့မှာတော့ တီးခတ်ပေးသူတွေအနေနဲ့ ချစ်စမ်း မောင်၊ ခင်မောင်သန့်၊ ဗညားနိုင်နဲ့ ခရမ်းတို့ ပါဝင်ပါတယ်။
Iron Cross Born To Rock လို့အမည်ပေးထားတဲ့ ဒီပွဲကိုတော့ ရန်ကုန်မြို့၊ Thuwunnabhumi Event Park မှာ ကျင်းပသွားမှာ ဖြစ်ပြီး လက်မှတ်တွေကိုတော့ အောက်တိုဘာလ ၁ ရက်နေ့ကတည်းက စတင်ရောင်းချနေတာပါ။
ဒီပွဲမှာတော့ ပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ ဝါရင့်ရော့ခ်ကာကြီးတွေ ဖြစ်ကြတဲ့ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်းတို့က ပါဝင်ဖျော်ဖြေပေးသွားကြမှာ ဖြစ်ပါတယ်။
သွေးဆူပေါက်ကွဲတက်ကြွစေတဲ့ ဘယ်လိုရော့ခ်အပြင်းစား တေးသံတွေနဲ့ ဖျော်ဖြေ တင်ဆက်ကြမလဲ၊ ဘယ်လိုထူးခြားတဲ့ တကျော့ပြန်တင်ဆက်မှုတွေနဲ့ ခံစားနားဆင်ကြရ မလဲဆိုတာကိုတော့ မကြာခင်မှာပဲ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။
လက်မှတ်ဈေးနှုန်းတွေကိုတော့ GA(Standing) ကို ၁၂၀၀၀ ကျပ်၊ VIP(Standing) ကို ၄၀၀၀၀ ကျပ်နဲ့ VVIP(Seating) ကို ၈၀၀၀၀ ကျပ် အသီးသီး သတ်မှတ်ထားတာ ဖြစ် ပါတယ်။