သာယာဝတီအကျဉ်းထောင်အတွင်း စိတ်ကြွမူးယစ်ဆေးပြား ၄ ပြားဖမ်းမိ
DVB
·
October 9, 2019
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီအကျဉ်းထောင်မှာ အောက်တိုဘာ ၈ ရက် ညနေ ၆ နာရီကျော်က အခန်းတွေကို သတင်းအရစစ်ဆေးရာ အကျဉ်းသားတစ်ဦးထံက မူးယစ်ဆေးဝါး ၄ ပြားနဲ့ ဆက်စပ်သုံးစွဲသူတွေကို ဖမ်းမိခဲ့တယ်လို့ သာယာဝတီမြို့မရဲစခန်းက သိရပါတယ်။
အကျဉ်းဆောင်တိုက်အမှတ်(၁/၂)ကို သတင်းအရရှာဖွေရာက အကျဉ်းသား အောင်သူ (ခ) ရဲဇော်ငြိမ်းထံက ပန်းရောင်စိတ်ကြွဆေးပြား ၄ ပြားတွေ့ရှိတဲ့အတွက် ဆက်လက်စစ်ဆေးရာမှ ပါဝင်သူ ၄ ဦးကိုပါ ဖမ်းမိခဲ့တာပါ။
အောက်တိုဘာ ၇ ရက်နေ့က အေးချမ်းမောင်မှ တောင်ယာလုပ်နေစဉ် ဒဏ်ကြေလိမ်းဆေး ဘူးခွံနဲ့ ထည့်ထားတဲ့ စိတ်ကြွဆေးပြား ၁၀ ပြားကို တွေ့ရှိပြီး အဆင့်ဆင့်ပေးခဲ့ရာက အောင်သူထံရောက်ရှိခဲ့ပြီး သုံးစွဲခဲ့တယ်လို့ သိရပါတယ်။
အကျဉ်းသားအောင်သူက ၄ ပြားသုံးစွဲခဲ့ပြီး အကျဉ်းသားဇေယျာက ၂ ပြားသုံးစွဲခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။
အကျဉ်းသားများထံက wyစာတမ်းပါဆေးပြား တွေ့ရှိသုံးစွဲခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ တဲ့အတွက် အကျဉ်းဦးစီးအရာရှိ ဦးဆွေမျိုးလှိုင်က တရားလိုပြု လုပ်ပြီး သာယာဝတီမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဥပဒေ ပုဒ်မ- ၁၆(ဂ)၊၂၁ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားပါတယ်။
သတင်း - မေသွယ်