စည်ပင်ဝန်ထမ်းများကို ကားပေးသည့်ကိစ္စ မုဒိတာပွားကြရန် ရန်ကုန်မြို့တော်ဝန်ပြော
သူဇာလင်း
·
October 8, 2019
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်တွေနဲ့ ဝန်ထမ်းတွေကို ကားပေးတာဟာ လုပ်ငန်းခွင်မှာ အသုံးပြုဖို့ဖြစ်ပြီး မုဒိတာပွားကြပါလို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။
ရန်ကုန်မြို့တော်စည်ပင်က ကျပ်သန်း၂၀၀၀ကျော်သုံးပြီး ရုံးသုံးယာဉ်အစီးရေ ၈၀ ဝယ်ယူမယ့်ကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်သူတွေအကြားမှာ ဝေဖန်မှုတွေ ထွက်နေခဲ့တာပါ။
အခုလို ဝေဖန်မှုတွေ ထွက်ပေါ်နေတာကြောင့် ကားဝယ်မယ်ဆိုတာ ဇိမ်ခံဖို့အတွက်မဟုတ်ဘဲ ဝန်ထမ်းတွေကို လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို အပြည့်အစုံပေးရမှာဖြစ်တယ်လို့ အောက်တိုဘာ ၇ ရက်နေ့ စည်ပင်သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်မြို့တော်ဝန်ကပြောခဲ့တာပါ။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ဘဏ္ဍာငွေအသုံးဆိုင်ရာ ဥပဒေအရ ရန်ကုန်မြို့တော်စည်ပင်က မော်တော်ယာဉ်မျိုးစုံ အစီးရေ ၈၀ အတွက် ငွေ ကျပ်သန်းပေါင်း၂၀၇၀ ကျော် သုံးစွဲဖို့အတွက် လွှတ်တော်က အတည်ပြုထားပါတယ်။
ဒါ့အပြင် ဝန်ထမ်းတွေအတွက် ကားစီးစဉ်ပေးရတာက လုပ်ငန်းခွင် အရေးတကြီးလိုအပ်တဲ့ အချိန်မှာ သွားလာရေးအတွက် အထောက်အကူပြုအောင် လုပ်ဆောင်ပေးတာဖြစ်တယ်လို့လည်း မြို့တော်ဝန်က ဆိုပါတယ်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ကတော့ အဲဒီကားတွေကို မြို့နယ်စည်ပင်ဥက္ကဋ္ဌတွေအတွက် တစ်စီးနှုန်း၊ ကော်မတီဝင်တွေအပါအဝင် လုပ်ငန်းသုံးတွေအတွက် အသုံးပြုမယ်လို့ ပြောပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အုပ်ချုပ်မှုသုံး ယာဉ်တွေဝယ်ယူတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကနေ ၂၀၁၉ မေလ ၂၂ ရက် ရက်စွဲပါ ၄၆၉/၂၅၃-ယာဉ် ၂-၆အဖရ (၂၀၁၉)ခွင့်ပြုမိန့်အရ တိုင်းဒေကြီးဘဏ္ဍာရန်ပုံငွေအစီအစဉ်နဲ့ ဝယ်ယူဖို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်းက တိုင်းလွှတ်တော်မှာ ညွှန်ကြားထားပါတယ်။