ဆလုံတိုင်းရင်းသားများကို ထောက်ပံ့ပစ္စည်းများပေးအပ်
DVB
·
October 8, 2019
ပျောက်ကွယ်လုနီးပါးဖြစ်နေပြီး လူဦးရေ ၁၀၀၀ ကျော်သာကျန်ရှိတော့တဲ့ ဆလုံတိုင်းရင်းသားတွေအတွက် ထောက်ပံ့ရေး ပစ္စည်းပေးအပ်ပွဲကို အောက်တိုဘာ ၇ ရက်က ကော့သောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟံသာဝတီခမ်းမမှာ ကျင်းပပါတယ်။
အဆိုပါ အခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေဦးနဲ့ သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေနဲ့ ဆလုံတိုင်းရင်းသားတွေ တက်ရောက်ကြပါတယ်။
“ဆလုံမျိုးနွယ်စုတွေ ရေရှည်မှာ ဝမ်းစာရှာဖွေရေးအတွက် အဆင်ပြေဖို့၊ နောက်ပြီးမျိုးနွယ်စုတွေ ပျောက်ကွယ်မသွားနိုင်အောင် ထိန်းသိမ်းတဲ့အနေနဲ့ သူတို့ရဲ့ငါးဖမ်းတဲ့အခါမှာ လိုအပ်တဲ့ပစ္စည်းတွေကို ကူညီထောက်ပံ့ပေးတာဖြစ်တယ်”လို့ ကော့သောင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ထွန်းက ပြောပါတယ်။
အခုလိုထောက်ပံ့ပေးတာဟာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစီအမံနဲ့ဖြစ်ပြီး ပေးအပ်တဲ့ ပစ္စည်းတွေထဲမှာ မိုးကာအင်္ကျီ၊ ရေငုတ်မျက်မှန်၊ ကင်းမွန်မျှားကြိုး၊ ကင်းမွန်မျှား အရုပ်အသက်ကယ်အင်္ကျီတွေပါဝင်ပါတယ်။
ကော့သောင်းခရိုင်အတွင်း ဆလုံအိမ်ထောင်စု ၂၄၆ စု နဲ့ လူဦးရေ ၉၉၀ ခန့်ရှိတယ်လို့ သိရပါတယ်။
လတ်ကိုကိုဦး