ခွန်တန်၏ မွေးနေ့ပွဲ လူပေါင်း သောင်းချီလာရောက်
DVB
·
October 7, 2019
မွန်ပြည်နယ်၊ သထုံမြို့ရှိ အလံတရာ သာသနာ့နယ်မြေအတွင်းမှာ ခွန်တန်(ခ)ဇာတ်လိုက်ရဲ့ အသက် ၂၄ နှစ်ပြည့် မွေးနေ့ပွဲနဲ့ ဆွမ်းတော်ကပ်လှူပွဲကို ခွန်တန်အပေါ် ယုံကြည်အားထား ကိုးကွယ်သူတွေက ပြုလုပ်ခဲ့ပါတယ်။
အလံတရာတော်ဘုရားကြီးရဲ့ လမ်းညွှန်မှာကြားချက်အတိုင်း အလံတရာဒေသမှာ နေတထောင် လတထောင် ထွန်းလင်းစေရန် ရည်ရွယ်ပြီး ခွန်တန် မွေးနေ့ပွဲကို နှစ်စဉ် ကျင်းပရတာ ဖြစ်တယ်လို့ ပွဲကျင်းပရေးကော်မတီအဖွဲ့က ပြောပါတယ်။
ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင် ဦးမောင်ဟန်က “ခွန်တန်ကို ယုံကြည်ကိုးကွယ်သူတွေအနေနဲ့ သူ့ရဲ့ပြောစကားတွေ သီလတွေကြောင့် အရာရာတိုင်းကို အမုန်းမပွားဘဲ ကျင့်ကြံ အားထုတ်နေကြကြောင်းနဲ့ အလံတရာနယ်မြေကို အမြန်ဆုံး ပြန်လည်ရောကျရှိဖို့အတွက် ဆုတောင်းတာတွေလည်း ပြုလုပ်နေကြတယ်”လို့ မွေးနေ့ပွဲ လာရောက်သူတွေက ပြောပါတယ်။
ခွန်တန်ရဲ့ မွေးနေ့ပွဲကို အလံတရာဒေသရှိ တိုင် ၃ ထောင် ဓမ္မာရုံမှာ အောက်တိုဘာ ၄ ရက်မှ ၆ ရက်အထိ ၃ ရက်တိုင် ကျင်းပခဲ့ရာမှာ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးက ယုံကြည်ကိုးကွယ်ကြသူ သောင်းနဲ့ချီ လာရောက်ခဲ့ပါတယ်။
ခွန်တန်ဟာ အလံတရာ ဆရာတော်ဘုရားကြီး ဝင်စားတယ်ဆိုပြီး အလံတရာ ဒေသခံတချို့က ကိုးကွယ်ယုံကြည်နေကြပေမယ့် ခွန်တန်နဲ့ အပေါင်းအပါ ၇ ဦးကို အမျိုးသမီးကို အဓမ္မခိုးယူပေါင်းသင်းမှု၊ အားပေးကူညီမှုတွေနဲ့ သထုံမြို့မရဲစခန်းမှာ အမှုဖွင့်ထားတဲ့အပြင် အလံတရာစေတီတော်ကြီးကို ခွင့်ပြုချက်မရှိဘဲ ပြုပြင်ခဲ့တဲ့ ဒေသခံ ၅ ဦးကိုလည်း သာသနာညှိုးနွမ်းစေမှုတွေနဲ့ အမှုဖွင့်ခံထားရပါတယ်။
ယူမင်းစိုး