ဖောက်စွပ်ယာဉ်များကို အိမ်စီးကားစလစ်ပြန်လည်ထုတ်ပေးမှု ၂ စီးသာရှိသေး
စိုးမိုးအောင်
·
October 3, 2019
ဖောက်စွပ်ယာဉ်တွေကို အိမ်စီးကားစလစ်ပြန်လည်ထုတ်ပေးမှု အောက်တိုဘာ ၂ ရက်နေ့အထိ ၂ စီးသာရှိသေးတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)ရဲ့ သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာလ ၂ ရက်နေ့က YRTA ရုံးချုပ်မှာပြုလုပ်ရာမှာ ဦးလျန်ကျင့်မန်က အခုလိုပြောဆိုလိုက်တာပါ။
ဖောက်စွပ်ယာဉ်တွေ သိမ်းဆည်းထားတဲ့အပေါ် အိမ်စီးကားစလစ်တွေကို အောက်တိုဘာလ ၁ ရက်နေ့ကစပြီး အိမ်စီးကားစလစ်ပြန်လည်ထုတ်ပေးမယ်လို့ ကညနက သတင်းထုတ်ပြန်ထား ပါတယ်။
လက်ရှိမှာတော့ ဖောက်စွပ်ယာဉ်အတော်များများဟာ တရားရုံးမှာ တရားစွဲဆိုအငြင်းပွား နေတာကြောင့် ပိုင်ဆိုင်မှုစစ်မှန်တဲ့သူကို စိစစ်ရွေးချယ်ပြီး စလစ်ထုတ်ပေးသွားမယ်လို့လည်း ဆိုပါတယ်။
တရားရုံးမှာ အမှုဖြစ်နေတဲ့ယာဉ်ပိုင်ရှင်တွေအတွက် တရားရုံးကနေ အပြန်အလှန် အမှုကြေအေးကြောင်း စာပါရှိဖို့လိုပြီး စလစ်ပြန်လည်ထုတ်ပေးမယ်လို့ ပြောပါတယ်။
မှတ်ပုံတင်ရမယ့် ယာဉ်တွေကိုအစားထိုးပြီး ဖောက်စွပ်၊ ဖြတ်ဆက်လုပ်တာနဲ့ ကားတစီးလုံး ပြောင်းပစ် တာတွေကြောင့် ၂၀၁၅ခုနှစ်မော်တော်ယာဉ်ဥပဒေနဲ့ ကညနကနေ သိမ်းဆည်းအရေးယူခဲ့ တာပါ။
လက်ရှိမှာတော့ ကညနက သိမ်းဆည်းထားတဲ့ ဖောက်စွပ်မော်တော်ယာဉ်တွေနဲ့ တရားရုံးကို တင်ပို့ထားတဲ့ ဖောက်စွပ်ယာဉ်တွေဟာ ၃၀၀ ကျော်လောက်ရှိနေပြီး အောက်တိုဘာလ ၂ ရက်နေ့ အထိ ယာဉ် ၂ စီးသာ သံရည်ကျို ပို့နိုင်သေးတယ်လို့ ဆိုပါတယ်။