ရွှေ့ပြောင်းကျောင်းက စာအံသံ
ပီတာအောင်
·
October 2, 2019
“မရေ လုံးကြီးတင် မိ၊ ဘကုန်းရေ ဘ မိဘ” ။ “ear နားရွက်၊ hair ဆံပင်၊ nose နှာခေါင်း၊ mouth ပါးစပ်”။ “တစ်၊ နှစ်၊ သုံး ပြေးပြေး” ဆိုတဲ့ ဆရာတွေနဲ့ ကျောင်းသား တပည့်လေးတွေရဲ့ စာအံသံတွေ ပြေးလွှားဆော့ကစားသံတွေက တကျောင်းလုံးကို ဟိန်းထနေအောင် အသံတွေ ရောယှက်လို့ ဆူညံပွက်လို့ နေပါတယ်။
အဖြူနဲ့ အစိမ်းဝတ် မူလတန်းနဲ့ အလယ်တန်း ကျောင်းသားကလေးငယ်တွေက အရွယ်စုံ၊ အတန်းစုံ၊ အစုလိုက် အစုလိုက် ထိုင်စရာထိုင်ခုံမရှိတဲ့ ကြမ်းခင်းပေါ်မှာပဲ ထိုင်ပြီး စာသင်ကြားလို့ နေကြပါတယ်။
ဒီလို စာသင်နေတဲ့ အတန်းတွေကြားထဲမှာပဲ မူကြိုနဲ့ သူငယ်တန်းအရွယ် ကလေးငယ်လေးတွေကတော့ ကာယဆရာတဦးရဲ့ ကြီးကြပ်မှုနဲ့ ကြမ်းခင်းပေါ်မှာ လဲလျောင်းလိုက်၊ အိပ်လိုက်၊ ပြန်ထလိုက်။ တခါ နှစ်ထပ်ကျောင်းဆောင်ရဲ့ အောက်ထပ်က နေရာ ကွက်လပ်ကျဉ်းကျဉ်းလေးမှာပဲ ပတ်ပြီး ပြေးလွှားဆော့ကစားလို့ပေါ့။
ဒီလိုကလေးတွေ ပြေးလွှားဆော့ကစားနေတဲ့ အကြားမှာပဲ တချို့ ကျောင်းသားတွေကတော့ သင်ခန်းစာတွေကို ကြိုးစားပမ်းစား သင်ယူနေကြရသလို ဆရာတွေကလည်း အသံကုန် တိုင်ပေး၊ ကျောင်းသားတွေက စာလိုက်အံနဲ့ နှစ်ထပ် ကျောင်းဆောင်တခုလုံး ဆူညံလို့ နေတာပါ။
ဒီကျောင်းက ကလေးတွေကို မြန်မာစာသင်ပေးနေတဲ့ ဒေါ်ခင်ခင်နွယ်ကတော့ “အနှောင့်အယှက်တော့ ဖြစ်ပါတယ်။ ဒါပေမဲ့ ကြိုးစားပြီးတော့ကို အော်ရတယ်။ ကြိုးစားပြီးတော့ကို သင်နေရတယ်။ နေရာ အခက်အခဲ၊ နောက် ငွေရေးကြေးရေး အခက်အခဲတွေ ဆရာ ဆရာမတိုင်းက သိနေကြတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အတတ်နိုင်ဆုံးကို သင်ပေးရတော့ပေါ့။ တခန်းက အော်နေရင် တခန်းက တိတ်နေရတာပေါ့။ တခန်းက အော်ပြီးတော့ စာတိုင်နေတယ်ဆိုရင် တခန်းက စာရေးတဲ့နည်းနဲ့ သင်ရတာပေါ့။ အားလုံးပြိုင်ပြီး သင်တဲ့အခါကျတော့အော်မနိုင်ဘူး။ တအားပင်ပန်းတယ်”လို့ ညည်းတွားနေပါတယ်။
ဒီကျောင်းလေးကတော့ မြန်မာတွေအကြားမှာ မဟာချိုင်လို့ လူသိများတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ မိုင် ၂၀ ကျော်လောက်ဝေးတဲ့ ဆာမွတ်ဆာခွန်ခရိုင်၊ မူစီရပ်ကွက်၊ ဝပ်ထစ်ထိုင်း ဘုန်းတော်ကြီးကျောင်းဝင်း နောက်ထဲမှာ ဖွင့်လှစ်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမား ရင်သွေးငယ်များ အရည်အချင်း မြှင့်တင်ရေးကျောင်း (MCDC) လေးပဲ ဖြစ်ပါတယ်။
ဒီကျောင်းကလေးဟာ မဟာချိုင်မှာတော့ မြန်မာပြည်တွင်းက သင်ရိုးညွန်းတမ်းအတိုင်း ဖွင့်လှစ်သင်ကြားပေးနေတဲ့ တခုတည်းသောကျောင်း ဖြစ်ပြီး ဒီကျောင်းမှာ မူလတန်းကနေ အဋ္ဌမတန်းအထိ ကျောင်းသူ ကျောင်းသား အယောက် ၅၅၀ လောက်ကို ဆရာ၊ ဆရာမ ၁၇ ဦးနဲ့ ဖွင့်လှစ် သင်ကြားပေးနေတာပါ။
ဒီကျောင်းမှာ ၅ တန်းကနေ ၈ တန်းအထိ မြန်မာစာသင်ပေးနေတဲ့ ဒေါ်ခင်ခင်နွယ်ကတော့ မြန်မာနိုင်ငံမှာတုန်းက မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အလယ်တန်းပြ ဆရာမတဦးအဖြစ် တာဝန်ထမ်းခဲ့ဖူးသူ ဖြစ်ပြီး လက်ရှိ ကျောင်းမှာ ဒုကျောင်းအုပ် တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။
မြန်မာပြည်တွင်းမှာ စာသင်ရတာနဲ့ အခုမဟာချိုင်က ဒီကျောင်းလေးမှာ ကျောင်းသားတွေကို သင်ပေးရတာ ဘာကွာလဲဆိုတဲ့ အမေးကိုတော့ “ ဒီမှာပင်ပန်းတယ်။ မြန်မာပြည်မှာက မြို့ပေါ်မှာ သင်ရတယ်။ ဒီမှာက ကလေးတွေက နယ်ပေါင်းစုံ မြို့ပေါင်းစုံက ကလေးတွေဆိုတော့ တိုင်းရင်းသားစကားကွာတယ်။ စကားနားမလည်ဘူး။ ကိုယ်က နားလည်အောင်သင်ပေးရတယ်။ နောက်တော့ နားလည်သွားပါတယ်။ မြန်မာပြည်ကထက်စာရင် ပိုခက်တယ်။ ပိုလည်း ပင်ပန်းတယ်။ မြန်မာပြည်မှာတော့ ကျောင်းကြီး ကြီးတယ်။ ကိုယ့်အခန်းနဲ့ ကိုယ် သင်ရတယ်။ အကန့်နဲ့ အကန့်နဲ့ သင်ရတာဆိုတော့ အဆင်ပြေတယ်။ သိပ်မပင်ပန်းဘူးပေါ့”လို့ ပြောပါတယ်။
ဒီကျောင်းလေးမှာ ကျောင်းသားတွေကို အလယ်တန်းပညာအထိ ပြီးဆုံးအောင် အတန်းတက်စနစ်နဲ့ ပညာသင်ကြားပေးတာဖြစ်ပြီး ဒီကျောင်းကနေ စာမေးပွဲအောင်တဲ့ ကလေးတွေဟာ မြန်မာပြည်က ကျောင်းတွေမှာ ပြန်ပြီး ဆက်လက်ပညာဆည်းပူးနိုင်ပါတယ်။
ဒါကြောင့် အစိုးရစစ် စာမေးပွဲဖြေဆိုရမယ့် အတန်းတွေကို ပိုပြီး ဂရုစိုက်သင်ပေးရတယ်လို့ ကျောင်းသား ၁၅ ယောက်ကို တာဝန်ယူ သင်ကြားပေးနေတဲ့ ၈ တန်း အတန်းပိုင် ဆရာဦးလရောင်စိုက ရှင်းပြပါတယ်။
“မြန်မာပြည်ရဲ့ ပညာရေးစနစ်က အခုရှိနေတဲ့ ၈ တန်းအထိက စာကျက်မှ ရမယ်။ စာကို ကျက်ရမယ် ဆိုတော့ ဒီကလေးတွေက မကျက်ဘူး၊ များသောအားဖြင့် မိဘက ၁၀ နာရီလောက်မှ အိမ်ပြန်ရောက်တယ်။ ဒီကလေးတွေက အိပ်နေပြီ။ စာမကျက်နိုင်တော့ဘူး။ ဆိုတော့ ဆရာတွေရဲ့ အားစိုက်မှုက များတယ်။ တအားကို စာကျက်အောင်၊ စာလုပ်အောင် တအားကို လိုက်လုပ်ရတာပေါ့နော်။”
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့ကနေ လာရောက်ပြီး ဒီကျောင်းလေးမှာ ကလေးတွေကို ဘာကြောင့် စာသင်ပေးနေရတာလဲ ဆိုတဲ့ အမေးကိုတော့ ကရင်တိုင်းရင်းသား ကျောင်းဆရာ ဦးလရောင်စိုက “ဗမာပြည်မှာတုန်းကလည်း ကျောင်းဆရာပဲ၊ လစာမကောင်းဘူး ဆိုတော့ ဒီဘက်ကို လာတယ်ပေါ့။ လာရင်းနဲ့မှ ကျောင်းဖွင့်တယ်ဆိုတဲ့အသံ ကြားတော့ ဆရာ ဆိုတော့ ဆိုင်းသမားလိုပေါ့နော်၊ ဗုံသံကြားရင် ကချင်၊ ကျောင်းသံ ကြားတော့လည်း စာသင်ချင်တယ်ပေါ့၊ လစာက ဒီပြင်နေရာမှာ လုပ်ရင် ဒီထက် ပိုများပြီး ကောင်းမယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ဆရာပဲ လုပ်ချင်လို့ ဒီမှာလုပ်နေတာ”လို့ ရှင်းပြပါတယ်။
ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ကြားခွင့်ရရှိရေးနဲ့ အတန်းပညာ တတ်မြောက်စေဖို့ ရည်ရွယ်ချက်နဲ့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ အစိုးရတွေရဲ့ သဘောတူ ခွင့်ပြုချက်နဲ့ ၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဒီကျောင်းကလေးကို စတင်ဖွင့်လှစ်ခဲ့တာပါ။
ကျောင်းဖွင့်စက ကျောင်းသူကျောင်းသား အယောက် ၁၅၀ လောက်နဲ့ စတင်ခဲ့ပေးမယ့် ခုတော့ ကျောင်းသား ၅၀၀ ကျော်ထိ ရှိနေပါပြီ။ ဒီကျောင်းကနေ ၈ တန်းအောင်တဲ့ ကလေးတွေလည်း မြန်မာပြည်မှာဆက်ပြီး အထက်တန်းပညာ ၉ တန်းနဲ့ ၁၀ တန်းကို ဆက်သင်ကြားနေကြပါပြီ။
ဒီကျောင်းလေးကို ဖွင့်လှစ်လည်ပတ်နိုင်ဖို့အတွက် ကုန်ကျစရိတ် ရန်ပုံငွေတွေကိုတော့ ကျောင်းသားမိဘတွေနဲ့ အလှူရှင်တွေရဲ့ ထည့်ဝင်ငွေ အကူအညီအထောက်အပံ့နဲ့ အဓိက ရပ်တည်နေရတာပါ။
ထိုင်းနိုင်ငံက ရွှေ့ပြောင်းမြန်မာကျောင်းတွေအတွက် မြန်မာအစိုးရပညာရေးဌာနက ဘတ်ဂျက်ချပေးထားတာ မရှိပါဘူး။ ဒါပေမဲ့ ဒီကျောင်းလေးအတွက် လိုအပ်တဲ့ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်တွေကိုတော့ နိုင်ငံခြားရေးဌာနက မြန်မာသံရုံးကနေတဆင့် အခမဲ့ ပေးပို့ကူညီပါတယ်။ ကျောင်းသုံးစာရေးကိရိယာတွေကို ထောက်ပံ့ပေးပေမယ့် ကျောင်းဝတ်စုံ အဖြူ အစိမ်းအတွက်တော့ ကျောင်းသားမိဘတွေက ပေးရတာပါ။
ကျောင်းလည်ပတ်ဖို့ ရန်ပုံငွေ တလ ဘတ် လေးသိန်းလောက် လိုအပ်ပြီး ကျောင်သား မိဘတွေဆီက ဘတ်သုံးသိန်းခွဲလောက် ရရှိကာ ကျန်တဲ့ငွေတွေကိုတော့ ပရဟိတအဖွဲ့တွေနဲ့ တခြားရွှေ့ပြောင်းလုပ်သားတွေ တဦးချင်းလှူတာ လှူဒါန်းတဲ့ငွေတွေ ရရှိပါတယ်။
ဒါပေမဲ့ ရန်ပုံငွေက လုံလောက်မှု မရှိဘူးလို့ ကျောင်းစတင်ထူထောင်ခဲ့သူလည်းဖြစ်၊ ကျောင်းကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးအောင်ကျော်က ပြောပါတယ်။
“နံပါတ် ၁ စိန်ခေါ်မှုကတော့ ငွေကြေးပေါ့။ ကျနော်တို့က မိဘတွေဆီက မကောက်ချင်ဘူး။ အမှန်အတိုင်း ပြောရရင်တော့။ ဒါပေမဲ့ မဖြစ်နိုင်ဘူး။ မိဘတွေဆီက မကောက်ရင် ကျနော်တို့ ကျောင်းဖွင့်လို့မရဘူး။ လစဉ် သုံးစွဲနေရတဲ့ ငွေကြေးတွေ ရှိတယ်။ ဆရာ ဆရာမ ၁၇ ယောက်အတွက် တလကို ဘတ် နှစ်သိန်းလောက် သုံးရတယ်။ ကျန်တာက မော်တော်ယာဉ်၊ ကလေးတွေကို မနက် သွားကြိုရတယ်။ ကျနော်တို့ ပိုက်ဆံ တအားကုန်ရတဲ့အထဲမှာ အဲဒီကြိုပို့ကိစ္စလည်း ပါတယ်။ ကြိုပို့ ကားတစီး အနိမ့်ဆုံးက ဘတ် ၁၅၀၀၀၊ ကားအကြီးဆို ဘတ် ၂၀၀၀၀ တလကို။ အဲဒီကြိုပို့နဲ့ ကျောင်းအထွေထွေသုံးတွေနဲ့ အားလုံးပေါင်းရင် လေးသိန်း။”
ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းသားတဦးကို တလ ထိုင်းဘတ်ငွေ ၇၀၀ နှုန်းနဲ့ ထည့်ဝင်ရတာဖြစ်လို့ သားသမီးများတဲ့ မိဘတွေနဲ့ ဆင်းရဲတဲ့မိဘတွေအနေနဲ့ ကျောင်းလခ ပုံမှန်ထည့်ဝင်နိုင်ဖို့ အခက်အခဲ ရှိနေပါတယ်။
ဒါကြောင့် ကျောင်းသားများတဲ့ မိဘတွေအတွက် အခုပညာသင်နှစ်ကစလို့ တဦးစာအတွက်သာ ဘတ် ၇၀၀ ကောက်ယူပြီး ကျန်တဲ့ကလေးတွေအတွက်တော့ ဘတ် ၃၀၀ သာ ကောက်ယူတယ်လို့ ကျောင်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။
ကိုယ်ထူကိုယ်ထကျောင်း ဖြစ်တဲ့အလျောက် လိုအပ်နေတဲ့ ကျောင်းရန်ပုံငွေကို ကူညီ ဖြေရှင်းပေးတဲ့အနေနဲ့ နေ့ခင်း နေ့လယ်မှာ ဆရာတွေက ကလေးတွေကို အအေးတို့၊ မုန့်တို့ ရောင်းချပြီးလည်း ရန်ပုံငွေရှာကြရပါတယ်။
ကလေးများလာတာနဲ့အမျှ ရန်ပုံငွေမရှိရင်တော့ ကျောင်း ရှေ့ဆက်ဖွင့်ဖို့ မလွယ်ဘူးလို့ ကျောင်းဆရာမ ဒေါ်တင်လေးယုက ပြောပါတယ်။
“အဓိက ငွေရေးကြေးရေးပြဿနာပဲ၊ ကလေးများလာတာနဲ့အမျှ ကလေးတယောက်ရဲ့ ကုန်ကျစရိတ်တွေ ရှိမယ်။ ဆရာတွေကို ငှားရတယ်။ ဆရာတွေကို ခေါ်ရတဲ့အတွက် ဆရာတွေကို ပေးရတဲ့ ကုန်ကျစရိတ်တွေ ရှိတယ်။ နောက် ကျောင်းဗာဟီရ ကုန်ကျစရိတ်တွေ ရှိတယ်။ ငွေကြေးရန်ပုံငွေ မရှိခဲ့ရင်တော့ ဒီလုပ်ငန်းကြီးက ရှေ့ဆက်မတိုးနိုင်ဘူး။ ဆိုတော့ အလှူရှင်တွေ ရှိခဲ့မယ်ဆိုရင်လည်း ဖိတ်ခေါ်ပါတယ်၊ ဒီကျောင်းကြီးကို လာပြီးတော့ လေ့လာပါ၊ ကြည့်ပါ၊ လှူသွားပေးပါ”လို့ ဆရာမ ဒေါ်တင်လေးယုက ဖိတ်ခေါ်လိုက်ပါတယ်။
ဒီကျောင်းမှာ ကျောင်းစာအပြင် ကာယ၊ ပန်းချီအနုပညာတွေသင်ပေးသလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အမှိုက်ပစ်တာကအစ စည်းကမ်းတကျ ပစ်နိုင်အောင်နဲ့ ကလေးတွေ လူ့ကျင့်ဝတ်တွေသိရှိဖို့၊ စာရိတ္တနဲ့ ကိုယ်ကျင့်တရားကောင်းမွန်ဖို့တွေလည်း သင်ပေးပါတယ်။
ဒါပေမဲ့ ကျောင်းမှာ ကျောင်းသားအချင်းချင်း ရန်ဖြစ်ထိုးကြိတ်တာတွေ။ ဆရာတွေ ပြောစကားနားမထောင်တဲ့ ကျောင်းသားတွေ ရှိနေတုန်းပဲလို့ ဆရာမ ဒေါ်ဇင်မီမီချစ်က ပြောပါတယ်။
မဟာချိုင်မှာ MCDC ကျောင်းအပြင် တခြားအန်ဂျီအိုတွေက ရွှေ့ပြောင်းလုပ်သားတွေရဲ့ ရင်သွေးငယ်တွေအတွက် ဖွင့်လှစ်သင်ကြားပေးနေတဲ့ စာသင်ကျောင်းကလေး တချို့လည်း ရှိပါတယ်။ အဲဒီကျောင်းတွေမှာတော့ မြန်မာသင်ရိုးနဲ့ သင်ကြားကြတာ မဟုတ်ဘဲ ထိုင်းဘာသာနဲ့ သင်ပေးတာရှိသလို မွန်ဘာသာနဲ့ သင်ကြားပေးတဲ့ ကျောင်းတွေလည်း ရှိပါတယ်။
အလားတူ ဘန်ကောက်၊ ချင်းမိုင်၊ ဖန်င၊ မဲဆောက်၊ ရနောင်း စတဲ့ မြန်မာနိုင်ငံသားရွေ့ ပြောင်း လုပ်သားတွေအများအပြား နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ ဒေသတွေမှာလည်း ရွှေ့ပြောင်း ကလေးငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေ ရှိပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်ကတော့ ရနောင်းမြို့မှာ မြန်မာ ကလေးငယ် ၁၅၀၀ လောက်ကို စာသင်ပေးနေတဲ့ ရနောင်းဌာနီကျောင်းက ဆရာ၊ ဆရာမ ၃၀ ကျော်ကို တရားမဝင် စာသင်ပေးမှုနဲ့ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီး နေရပ်ပြန်ပို့ခဲ့တဲ့အတွက် ရွှေ့ပြောင်းကျောင်းတွေရဲ့ အနာဂတ်ဟာ မရေမရာ အခြေအနေနဲ့ ကြုံတွေ့နေရတာပါ။
ထိုင်းနိုင်ငံက ကျောင်းတွေမှာ ဆရာ၊ ဆရာမအလုပ်ကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လုပ်ကိုင်ရင် ထိုင်းဥပဒေအရ ဒဏ်ငွေ အနည်းဆုံး ဘတ်ငွေ အနည်းဆုံး ၅၀၀၀ ကနေ ၅၀၀၀၀ အထိ ချမှတ်နိုင်တာ ဖြစ်ပါတယ်။
ထိုင်းမှာ မြန်မာ ဆရာ၊ ဆရာမတွေကို တရားဝင်ခန့်ထားဖို့ နိုင်ငံကူးလက်မှတ်၊ ဆရာဖြစ်သင်တန်းအောင် ဘွဲ့လက်မှတ်၊ ပညာရေးဌာန ထောက်ခံစာ၊ သံရုံးထောက်ခံစာ စတဲ့ အထာက်အထားများစွာ လိုအပ်ပြီး တရားဝင်အလုပ်လုပ်ခွင့် ရဖို့လည်း မလွယ်ကူလှပါဘူး။
ရနောင်းဌာနီကျောင်းက ထောင်နဲ့ချီတဲ့ ကျောင်းသားတွေကတော့ ဆရာတွေ နေရပ်ပြန်သွားလို့ စာသင်ဖို့ အခက်ခဲတွေ့နေရသလို ရနောင်းခရိုင်ရှိ နားလည်မှုနဲ့ ဖွင့်ထားတဲ့ တခြားရွှေ့ပြောင်း ကျောင်း ၁၀ ကျောင်းလောက်ဟာလည်း ပိတ်ထားရပါတယ်။
ခုတော့ မြန်မာရွေ့ပြောင်းကျောင်းဆရာတွေအနေနဲ့ ထိုင်းနိုင်ငံမှာ တရားဝင် ပညာသင်ကြားခွင့်ရှိရေးအတွက် နည်းလမ်းရှာဖို့ ထိုင်းနဲ့ မြန်မာအစိုးရတွေ ညှိနှိုင်းဆောင်ရွက် နေပါတယ်။
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းကလေးငယ်တွေ မြန်မာစာသင်ယူနိုင်ရေး ညှိနှိုင်းဖြေရှင်းရေးဆိုင်ရာ အစည်းအဝေးကို ဘန်ကောက်မြို့မှာ စက်တင်ဘာ ၂၇ ရက်က ကျင်းပရာမှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ ထိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ ဆူချတ်တွန်ဂျာရိုအန်၊ ထိုင်းပညာရေးနဲ့ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေတက်ရောက်ပြီး မြန်မာစာသင်ကျောင်းတွေထိုင်းမှာ တရားဝင်ဖြစ်ဖို့နဲ့ ဆရာတွေ တရားဝင် သင်ကြားခွင့်ရဖို့ နှစ်နိုင်ငံ လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းလုပ်ဆောင်သွားဖို့ သဘောတူညီခဲ့ပါတယ်။
မည်သို့ပင်ဆိုစေကာမူ မဟာချိုင်က ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းကလေးကတော့ ဆင်မပြေမှုတွေ အခက်အခဲတွေကြားက ယနေ့အထိတိုင် ဆက်လက်ပညာသင်ကြားခွင့် ရနေဆဲ ဖြစ်ပါတယ်။
ဒီကျောင်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသားလေး မောင်လင်းသူရှိန်ကတော့ စာရေး တတ်နေပြီလားဆိုတဲ့အမေးကို သူ့နာမည် ခဲတံနဲ့ တလုံးချင်း စာလုံးပေါင်းပြီး ရေးပြပါတယ်။ သားကြီးလာရင် ဘာလုပ်မလဲဆိုတဲ့အမေးကိုတော့ “သားက စစ်ဗိုလ်ကြီး လုပ်မယ်”လို့ ဖြေပါတယ်။
သူ့အနားက ကလေးတွေကို ဆက်ပြီးမေးတော့ “သားလည်း စစ်ဗိုလ်ကြီး လုပ်မယ်။ သားက ဘောလုံးသမား လုပ်မယ်။ သမီးက တော့ ဆရာ မလုပ်မယ်။ သားက အင်ဂျင်နီယာ လုပ်မယ်”လို့ ကလေးတွေက သူတို့ရဲ့ ရည်မှန်းချက်တွေကို အသီးသီး အားတက်သရော ပြောပြကြပါတယ်။
သိပ်မကြာခင်မှာပဲ ကျောင်းလွှတ်လိုက်ပြီမို့ ကျောပိုးအိတ်လေးတွေ ကိုယ်စီ ကိုယ်စီ ကျောပိုးထားတဲ့ ကလေးတွေဟာ အတန်းလိုက် အတန်းလိုက် စည်းကမ်းတကျ တန်းစီကာ သက်ဆိုင်ရာ အတန်းပိုင်ဆရာမရဲ့ ကြီးကြပ်မှုနဲ့ ကျောင်းရှေ့မှာ ရပ်ထားတဲ့ ကျောင်းကြိုပို့ ကားတွေပေါ်ကို အသီးသီးတက်ကာ နေအိမ်ကို ပြန်သွားကြပါပြီ။
ဘန်ကောက်မြို့အစပ်နားက အုန်းနွဲဆိုတဲ့ အရပ်ကနေ မဟာချိုင်မှာ ကလေး ကျောင်းလာကြိုတဲ့ ကျောင်းသား မိဘတဦးကတော့ “ကျမကလေးကို ဒီကျောင်းမှာ ထားဖို့ ဟိုးအဝေးကြီးက လာခဲ့ရတာ။ ကလေးက နေ့တိုင်း နေ့တိုင်း မနက် ၄ နာရီလောက် ထရတယ်။ ပြီးရင် ကျောင်းကားနဲ့ စောင့်ပြီး ပို့ရတာ”လို့ ပြောပြပါတယ်။
နောက်နေ့ နောက်နေ့ မနက်လင်းချိန်တွေမှာလည်း ပညာရှာလိုတဲ့ ရွှေ့ပြောင်း မြန်မာကလေးငယ်လေးတွေဟာ ဒီနေရာက ဒီကျောင်းကလေးကို ရောက်လာကြပြီး စာရေး၊ စာဖတ်၊ စာအံကြရဦးမှာပါ။
ဒီလို ရွှေ့ပြောင်းမြန်မာကလေးငယ်လေးတွေ ပညာသင်ကြားခွင့် ဆက်လက်ရရှိဖို့နဲ့ သူတို့လေးတွေရဲ့ အနာဂတ် ရည်မှန်းချက်တွေ ပြည့်ဝစေဖို့အတွက် ရွှေ့ပြောင်းကျောင်းတွေ ရေရှည်ဆက်လက်တည်တံ့နေဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ရွှေ့ပြောင်းမြန်မာကလေးငယ်တွေရဲ့ စာအံသံတွေ ဒီမြေမှာ ဆက်လက် ပျံ့လွင့်နေနိုင်လိမ့်မယ် မဟုတ်ပါလား။