ဥက္ကံတွင် တောဆင်ရိုင်းဝင်ရောက်၊ နေအိမ် ၁ လုံးပျက်စီး
DVB
·
September 25, 2019
ရန်ကုန်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ မီးလောင်စခန်းကျေးရွာမှာ မနေ့ မနက်ပိုင်းက တောဆင်ရိုင်းတကောင် ဝင်ရောက်ပြီး နေအိမ်အတွင်းရှိ အစားအသောက်တွေကို ဝင်ရောက်စားသောက် ဖျက်ဆီးသွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
မီးလောင်စခန်း ကျေးရွာအုပ်ချုပ်ရေးမှူးက "မနက် ၄ နာရီကျော် အချိန်လောက်မှာ ဝင်လာပြီး အိမ်ထဲက ဆန်အိတ်ကိုဆွဲစားတာ။ လူတွေကတော့ ထွက်ပြေးလို့လွတ်သွားတယ်။ ဆင်က အမြင့် ၉ ပေလောက်ရှိပြီး အစွယ်မပါဘူး။ ဆန်နှစ်အိတ်၊ အိုးခွက်ပန်းကန်တွေကို နင်းချေဖျက်စီးသွားတယ်"လို့ ပြောပါတယ်။
စက်တင်ဘာ ၆ ရက်က ဆင်စခန်းကျေးရွာမှာ ဂျစ်ကားအမည်ရှိ တောဆင်ရိုင်းတကောင် ၄ ရက်ဆက်တိုက်ဝင်ရောက်ပြီး လူနေအိမ်အတွင်းရှိ အစားအသောက်တွေနဲ့ စိုက်ပျိုးခြံတွေကို ဝင်ရောက်စားသောက်ဖျက်စီးခဲ့တာကြောင့်နေအိမ် ၈ လုံးနဲ့ စိုက်ခင်းအချို့ ပျက်စီးခဲ့ပါတယ်။
စပါးနဲ့ ကြံပေါ်ချိန်တွေမှာ ရွာတွေထဲကို တောဆင်ရိုင်းတွေ အုပ်စုလိုက်၊ ဒါမှမဟုတ် ၁ ကောင် ၂ ကောင်မျိုး ဝင်ရောက်တက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တောဆင်ရိုင်း ၁၀ ကောင်နဲ့အထက် အုပ်စုလိုက် ဝင်ရောက် စားသောက်ခဲ့တာကြောင့် ဖော်ကျူးကြံစိုက်ခင်းက ဧက ၂၀ လောက်ပျက်စီးခဲ့ပြီး တခြားစိုက်ခင်းတွေကိုလည်း ဝင်ရောက်စားသောက်ခဲ့တာကြောင့် ဧက ၅၀ လောက် ပျက်စီးခဲ့ပါတယ်။
သတင်း - မေသွယ်