ရန်ကုန်-မန္တလေး ရထားခရီးစဉ်အချို့ ဖျက်သိမ်းမည်
ပိုင်စိုး
·
September 23, 2019
ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တော့မှာဖြစ်လို့ ရထားခရီးစဉ်တချို့ကို ရှေ့လဆန်း ၁ ရက်က စလို့ ဖျက်သိမ်းတော့မယ်လို့ မြန်မာ့မီးရထားတာဝန်ရှိသူတယောက်က ပြောပါတယ်။
ရန်ကုန်-မန္တလေး ခရီးစဉ်မှာတော့ စာပို့ရထား အမှတ် ၁ အဆန်နဲ့ အမှတ် ၂ အစုန်တို့ကို ဖျက်သိမ်းမယ်လို့ တိုင်း ၇ သွားလာရေးဌာနက အထွေထွေမန်နေဂျာ ဦးဇော်လွင်က ပြောပါတယ်။
ပြီးတော့ ရန်ကုန်- သာစည် အမှတ်(၉/၁၀)၊ ရန်ကုန်- နေပြည်တော် (၃၁/၃၂)၊ ရန်ကုန်- မော်လမြိုင် (၃၅/၃၆)၊ နေပြည်တော်- မော်လမြိုင် (၁၆/၁၇) တို့ကိုလည်း ဖျက်သိမ်းမှာ ဖြစ်ပါတယ်။
“ဒီရထားတွေက စီမံကိန်းစရင် ယာယီဖျက်သိမ်းမယ်။ ဘယ်လောက်ကြာမလဲ ဆိုတော့ စီမံကိန်း ကာလအတွင်းပေါ့။ နောက်ပိုင်း ပြေးလို့ရတဲ့အနေအထားရှိလာခဲ့ရင်လည်း ပြေးမှာပေါ့” လို့ ဦးဇော်လွင်က ပြောပါတယ်။
ဒီခရီးစဉ်တွေ ဖျက်သိမ်းပေမယ့် တခြားခရီးစဉ်တွေ ရှိနေဦးမယ်လို့ ဆိုပါတယ်။ ဒီရထားတွေမှာ ခရီးသည်လိုက်ပါတဲ့ အခြေအနေကိုကြည့်ပြီး လိုအပ်တာတွေကို အောက်ခြေမှာ အသေးစိတ်ညှိနှိုင်းမှာ ဖြစ်လို့ ရထားတွဲတိုးဖို့လိုရင်လည်း တိုးပေးမယ်လို့ ပြောပါတယ်။
ဒီစီမံကိန်းကို ဂျပန်နိုင်ငံ JICA ရဲ့ ချေးငွေနဲ့ ဂျပန်ကန်ထရိုက်တာတွေက ဆောင်ရွက်နေတာ ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၂၄၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။ ရန်ကုန်-တောင်ငူလမ်းပိုင်းကို စီမံကိန်း အပိုင်း ၁ အဖြစ် သတ်မှတ်ထားပြီး ဒေါ်လာ သန်း ၁၀၀၀ လောက်ကုန်ကျမှာပါ။
ဒီစီမံကိန်းဟာ ၂၀၂၃ လောက်မှာ ပြီးစီးနိုင်ပြီး ၃၈၅ မိုင်ရှိတဲ့ ရန်ကုန်-မန္တလေးခရီးကို လက်ရှိထက် ၂ ဆလောက် ပိုပြီး မြန်မြန်မောင်းနှင်နိုင်မယ်လို့ မြန်မာ့မီးရထားတာဝန်ရှိသူတွေက ပြောပါတယ်။