တနင်္သာရီတိုင်း ဆီအိုးမဟုတ်ဘဲ ငရဲအိုးဖြစ်နေဟု ဌာနေတိုင်းရင်းသားများပြော
နော်နိုရင်း
·
August 30, 2019
ဒေသခံဌာနေတိုင်းရင်းသားရွာသားတွေနဲ့ ဆီအုန်းကုမ္ပဏီတွေအကြား လက်ရှိဖြစ်ပေါ်နေတဲ့ မြေယာပြဿနာတွေကို ဖြေရှင်းပေးဖို့နဲ့ ဒီပြဿနာတွေ မဖြေရှင်းသရွေ့ ဆီအုန်းလုပ်ကွက်သစ်တွေကို မချပေးဖို့ တနင်္သာရီတိုင်းရှိ အရပ်ဘက်အဖွဲ့အစည်းနဲ့ ဒေသခံတွေက တောင်းဆိုပါတယ်။
ဒီကနေ့ ဩဂုတ် ၃၀ ရက်မှာ တနင်္သာရီတိုင်းမိတ်ဆွေများအဖွဲ့နဲ့ ကျေးဇူးတော်ကျေးရွာသားတွေ သတင်းစာရှင်းလင်းပွဲပြုလုပ်တောင်းဆိုလိုက်တာဖြစ်ပြီး လက်ရှိ ဆီအုန်းစီမံကိန်းဟာ ဌာနေတိုင်းရင်းသားတွေအတွက် ငရဲအိုးကြီးဖြစ်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
တနင်္သာရီတိုင်းမိတ်ဆွေများအဖွဲ့ ပြောခွင့်ရသူ နော်ခရီးစေ့က “ဒီ တနင်္သာရီတိုင်းဟာ မြန်မာနိုင်ငံရဲ့ ဆီအိုးကြီဖြစ်ရမယ်ပေါ့ နော်။ ဒါပေမယ့် ဒီဆီအိုးကြီးဟာဆိုလို့ရှိရင်တိုင်းပြည်အတွက် ဘယ်လောက်အထိ အခွန်အကောက်တွေ ရလဲတော့ မသိဘူး။ ဒေသခံတွေအတွက်တော့ ဆီအိုးကြီးမဖြစ်ဘဲနဲ့ ငရဲအိုးဖြစ်နေတယ်လို့ ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ အခုလက်ရှိ ဆီအုန်းကုမ္ပဏီကနေပြီးတော့ ရွာသားတွေကို တရားစွဲဆိုထားတယ်။ ဒီတရားစွဲဆိုမှုက ၄ ကြိမ်မြောက်တရားစွဲဆိုခံရတာဖြစ်တယ်”
လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်တုန်းက တနင်္သာရီတိုင်းကို မြန်မာနိုင်ငံရဲ့ ဆီအိုးကြီးဖြစ်ရမည်ဆိုတဲ့ ဆောင်ပုဒ်ကို နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကော်စီက ချမှတ်ခဲ့ပါတယ်။ ဒီနောက် မြေဧက ၁.၈ သန်းကို ဆီအုန်းစိုက်ပျိုးဖို့ ကုမ္ပဏီတွေကို ချထားပေးခဲ့ပြီးနောက်မှာတော့ တနင်္သာရီတိုင်းမှာ မဖြေရှင်းနိုင်တဲ့ မြေယာပြဿနာတွေဖြစ်ပြီး ယနေ့အချိန်ထိ ကုမ္ပဏီတွေရဲ့ ဥပဒေချိုးဖောက်မှုကို အရေးယူမှုကင်းလွတ်နေပြီး ဌာနေတိုင်းရင်းသားတွေဟာ မြေယာမဲ့တွေ ဖြစ်လာတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လက်ရှိ ရေဖြူမြို့နယ်အတွင်းမှာ ရှိတဲ့ ကျေးဇူးတော်ကျေးရွာ ဆိုရင် လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံးနဲ့ မြန်မာအစိုးရတပ်တို့ အကြားဖြစ်ပွားခဲ့တဲ့ ပြည်တွင်း စစ်ကြောင့် ဒေသခံတွေဟာ အတင်းအဓမ္မရွေ့ပြောင်းခံခဲ့ရပါတယ်။
ရွာသားတွေဟာ အနီးအနားရှိကျေးရွာဆီကို ပြန့်ကြဲရောက်ရှိသွားခဲ့ပြီး တချို့မှာ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ သွားရောက်ခိုလှုံခဲ့ကြပါတယ်။
၂၀၁၂ ခု ကေအန်ယူက အပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးပြီးနောက်ပိုင်းမှာ ကျေးဇူးတော်ရွာ ကို ပြန်လည်အခြေချလာခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ရွာမြေနဲ့ ဘိုးဘွားပိုင်မြေနေရာတွေက ဆီအုန်းကုမ္ပဏီတခုလက်ထဲရောက်နေပြီး ဒေသခံတွေ လုပ်ကိုင်စားသောက်ရေးအတွက်လည်း အခက်အခဲဖြစ်နေကြရတယ်လို့လည်း နော်ခရီးစေ့က ပြောပါတယ်။
“ကျေးဇူးတော်ရွာဟာဆိုလို့ရှိရင် သူတို့ ၉၇ လောက်ကတည်းက ရွာကနေ ပြောင်းရပြီးတော့ ၂၀၁၂ မှ ပြန်လာတဲ့အချိန်မှာ သူတို့ရွာတွေ အကုန်လုံး ဖျက်ဆီးခံရတယ်။ ဒါပေမယ့် သူတို့ပြန်လာတဲ့ အချိန်ကုမ္ပဏီပြီးမြောက်အောင် မစိုက်ဘူးပေါ့နော်။ ဒီအပေါ်မှာ ရွာသူရွာသားတွေ ဟာ ပြန်ပြီးတော့ သူတို့ဘိုးပွားပိုင် မြေကိုပြန်လုပ်တယ်။ ကုမ္ပဏီမစိုက်တဲ့မြေမှာ သူတို့ ပြန်လုပ်တဲ့အပေါ်မှာ ကုမ္ပဏီက တရားစွဲဆိုထားတယ်။ ”
ရွာသားတွေအပါအဝင် ကျေးရွာအုပ်ချုပ်ရေးမှူးကိုပါ ခြိမ်းခြောက်မှု၊ ကျူးကျော်မှု အပါအဝင် ပုဒ်မ ၃ ခုလောက်နဲ့ တရားစွဲဆိုထားတယ်လို့လည်းပါတယ်။ ကျေးဇူးတော်ရွာသားတွေအနေနဲ့ မိမိနေရပ်ကိုပြန်လည်အခြေချပေမယ့် တာဝန်ရှိသူတွေဘက်က ကူညီမှုတွေမလုပ်ဆောင်တဲ့အပြင် အခုလို တရားစွဲဆိုခံနေရပါတယ်။
“ကုမ္ပဏီက ကျနော်တို့မြေတွေကို ယူတယ်၊ မီးရှို့တယ်။ ဒါပေမယ့် ဘယ်တော့မှ အရေးယူမခံရဘူး။ ကျနော်တို့ ကိုယ့်မြေကိုသွားတော့ ကျနော်တို့ကို တရားစွဲခံရတယ်။ ကျနော်တို့ အစိုးရဆီသွားတော့လည်း ဆောင်ရွက်ပေးမှုအားနည်းတယ်။ ဒီမှာ ဖြစ်နေတာ တရားမျှတမှုမရှိဘူး” လို့ ကျေးဇူးတော်ရွာသား စောချစ်ဝင်းထူးက ပြောပါတယ်။
ဒါ့ကြောင့် အစိုးရတာဝန်ရှိသူတွေအနေနဲ့ ရွာသူရွာသားတွေမြေယာလုပ်ကိုင်ခွင့် အမြန်ချထားပေးဖို့နဲ့ ဆီအုန်းကုမ္ပဏီရှိတဲ့နေရာတိုင်းမှာ မြေယာပြဿနာတွေရှိတဲ့အတွက် ဒီကိစ္စကို အမြန်ကိုင်တွယ်ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။