ကျူးကျော်နေထိုင်သူများ၏ဘ၀ အဆင့်မြှင့်တင်ပေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော
ပြည့်ဘုန်းအောင်
·
August 5, 2019
ကျန်ရှိနေသေးတဲ့ အစိုးရသက်တမ်းအတွင်းမှာ ကျူးကျော်နေထိုင်သူတွေရဲ့ဘဝကို အဆင့်မြင့်တင်အောင်လုပ်ပေးသွားမယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ထပ်မံကတိပြုလိုက်ပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာ အနယ်နယ်အရပ်ရပ်ကနေ လာရောက်ကျူးကျော်နေထိုင်တဲ့ လူဦးရေ သိန်းနဲ့ချီရှိပါတယ်။ ဒီလို ကျူးကျော်နေထိုင်တဲ့သူတွေရဲ့ဘဝကို အဆင့်မြင့်တင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ရေတို ရေရှည် ပလန်တွေ ရေးဆွဲဆောင်ရွက်နေပြီး အခု အစိုးရသက်တမ်းမကုန်ခင် ကာလအတွင်းမှာ အဆင့်မြင့်တင်တာတွေ ဆောင်ရွက်နိုင်မယ်လို့ ဦး ဖြိုးမင်းသိန်းက ကတိပြုပြောဆိုခဲ့ပါတယ်။
သြဂုတ် ၅ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့ပြဒေသမှာ နေထိုင်တဲ့ ကျူးကျော်နေထိုင်သူတွေအရေးနဲ့ ပတ်သက်တဲ့ဆွေးနွေးပွဲမှာ ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။
ရန်ကုန်တိုင်းအတွင်း ကျူးကျော်နေထိုင်သူတွေကို အဆင့်မြှင့်တင်ဖို့အတွက် လက်ရှိအချိန်မှာ ကျူးစမတ်ကတ်ပေါင်း ၁ သိန်းခွဲကျော်စာရင်းကောက်ခံ ပြီးစီးသွားပြီလို့ ဆိုပါတယ်။
အစိုးရအနေနဲ့ ကျူးကျော်နေထိုင်သူတွေအတွက် သက်ဆိုင်ရာ မြို့နယ်အလိုက် တန်ဖိုးနည်းတိုက်ခန်းတွေ ဆောက်လုပ်ပေးပြီး နှစ်ရှည်ချေးငွေတွေနဲ့တိုက်ခန်းတွေ ရောင်းချပေးသွားမှာပါ။
ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ UN HABITAT တို့ ပူးပေါင်းစီစဉ်တဲ့ ရန်ကုန်မြို့ပြဒေသရဲ့ ကျူးကျော်လူနေအိမ်တွေကို လူမှုစီးပွားရှထောင့်ကနေ ကူညီပံ့ပိုးနိုင်ဖို့ ဆွေးနွေးပွဲကို ရန်ကုန်မြို့မှာ သြဂုတ် ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ပြုလုပ်မှာပါ။
သက်ဆိုင်ရာ အစိုးရအဖွဲ့တာဝန်ရှီသူတွေပါဝင်တဲ့ ဆွေးနွေးပွဲကနေ ရလဒ်တွေကို မြေမြင်မှာ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို အစိုးရအဖွဲ့က လမ်းညွန်ထားပါတယ်။
ပြည့်ဘုန်းအောင်