တောင်ငူမြို့တွင် စားသောက်ဆိုင်ပိုင်ရှင်တဦး ရထားရှေ့လှဲချပြီး အဆုံးစီရင်
DVB
·
July 28, 2019
ပဲခူးတိုင်း တောင်ငူမြို့မှာ စားသောက်ဆိုင်ပိုင်ရှင်တဦး ရထားစက်ခေါင်းရှေ့ ဝမ်းလျားမှောက် ဦးခေါင်းထိုးဝင်ပြီး အဆုံးစီရင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့မှာ ဇူလိုင် ၂၇ ရက်နေ့ ညနေပိုင်းက စက်ခေါင်းမောင်း ဦးအောင်ဖေ မောင်းနှင်လာတဲ့ ရထားအမှတ် ၂၀၆ အစုန် ကုန်တင်ရထားဟာ တောင်ငူမြို့အဝင် မီးရထားမိုင်တိုင်အမှတ် ၁၆၇.(၁၁ နှင့် ၁၂) ကြားအရောက်မှာ အမျိုးသားတဦးအား ဖြတ်ကြိတ်မိတယ်လို့ သိရပါတယ်။
စက်ခေါင်းမောင်းဦးအောင်ဖေက “ရထားမောင်းလာတော့ တိ/မွေး/ကု ရုံးနားအရောက်မှာ လူတစဦး ရထားလမ်း အနောက်ဘက်ခြမ်းမှာ ရပ်နေတာတွေ့လို့ ရထားဟွန်းဆွဲပြီး မောင်းလာရင်းက အနားလည်းရောက်ရော အဲ့လူက ရထားရှေ့ကို လှဲချလိုက်ပြီး ခေါင်းထိုးခံလိုက်တာ” လို့ ပြောပါတယ်။
ရထားကြိတ်ခံရသူမှာ တောင်ငူမြို့ ၉ ရပ်ကွက်မှာ နေထိုင်တဲ့ ဖီလ်လင် စားသောက်ဆိုင်ပိုင်ရှင် ဦးမြင့်နိုင် (၅၁) ဖြစ်ပြီး လွန်ခဲ့တဲ့တနှစ်ကျော်ကတည်းက ဆီးချိုသွေးချို ရောဂါ ခံစားနေရသူလို့ သိရပါတယ်။