စွမ်းအင်မူဝါဒဆိုင်ရာဆွေးနွေးပွဲ တောင်ကြီးမြို့တွင် ကျင်းပ
DVB
·
July 28, 2019
ကိုယ်ထူကိုယ်ထ အသေးစား စွမ်းအင်ထုတ်မှု တရားဝင်ဖြစ်ရေးအတွက် ရှမ်းပြည်နယ်စွမ်းအင်မူဝါဒဆိုင်ရာ ဆွေးနွေးပွဲကို ဇူလိုင် ၂၇ ရက်နေ့က တောင်ကြီးမြို့ရှိ တောင်ကြီးစီးတီး ဟိုတယ်ခန်းမမှာ ကျင်းပခဲ့ပါတယ်။
ရှမ်းပြည်နယ်စွမ်းအင် မူဝါဒဆိုင်ရာဆွေးနွေးပွဲကို သံလွင်မြစ်ထိန်း သိမ်းကာကွယ်ရေးကွန်ရက်အဖွဲ့၊ ကျွန်းတစ်ထောင်ဖောင်ဒေးရှင်း၊ Save the natural အဖွဲ့တို့က ဦးဆောင်ပြီး နှစ်ရက်ကျင်းပမှာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မှာ အရင်းမြစ်ပေါများတဲ့အတွက် တနိုင်တပိုင်လုပ်ဆောင်နေတဲ့ အသေးစားလျှပ်စွမ်းအင်ထုတ်လုပ်မှုကို ဥပဒေအရ တရားဝင်အောင် စွမ်းအင်မူဝါဒဆွေးနွေးပွဲပြုလုပ်တာလို့ ပွဲစီစဉ်သူ ဦးအေပရာယ်ကြူကြူက ပြောပါတယ်။
ဆွေးနွေးပွဲမှာ စွမ်းအင်မူဝါဒ၊ စီမံကိန်းများနှင့်ပတ်သက်ပြီး ဆန်းစစ်ခြင်း၊ အခြားသောနည်းလမ်းတွေ၊ မြန်မာ့အမျိုးသား စွမ်းအင်အစီအစဉ်ကို အထောက်အကူပြုနိုင်မယ့် ဗဟိုထိန်းချုပ်မှုလျော့ချတဲ့ ပြန်ပြည့်မြဲစွမ်းအင်စနစ်တွေ ရှမ်းပြည်နယ် လျှပ်စစ်ဥပဒေ (မူကြမ်း)၊ ကျောက်မီးသွေးနှင့် ရေအားလျှပ်စစ် ဆည်ကာတာကြီးတွေကြောင့် ထိခိုက်မှု အစရှိတဲ့အချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်ရှိတဲ့ ၃၀ မီဂ္ဂါဝပ် လျှပ်စစ်စွမ်းအင် မူဝါဒ ဥပဒေကြမ်းကိုလည်း ကျားခေါင်းပါတီက ရှမ်းပြည်နယ် လွတ်တော်မှာတင်သွင်းပြီး ပြည်ထောင်စု အစိုးရသဘောထား မှတ်ချက်ရယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒီဆွေးနွေပွဲက အဲ့ဒီဥပဒေကြမ်း အတည်ပြုပေးဖို့ အထောက်အကူဖြစ်စေဖို့ ဆွေးနွေးပွဲ ရလဒ်ကို ရှမ်းပြည်နယ်အစိုးရထံ အိပ်ဖွင့်ပေးစာ ပေးပို့သွားမှာဖြစ်ပါတယ်။
ဆွေးနွေးပွဲကို ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းတို့မှ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဒေသခံပြည်သူတွေ၊ စွမ်းအင်မူဝါဒဆိုင်ရာပညာရှင်တွေ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အပါအ၀င် လူဦးရေ ၁၅၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
ခွန်ရာဇာ