ဆလုံတိုင်းရင်းသားများအတွက် အသက်ကယ်အင်္ကျီပေးမည့်အပေါ် ဝေဖန်မှု မြင့်တက်
DVB
·
July 25, 2019
ဆလုံလူမျိုးတွေ အသက်အန္တရာယ်ကင်းရှင်းစေဖို့အတွက် အသက်ကယ်အင်္ကျီတွေ ပေးအပ်မယ်လို့ တနင်္သာရီတိုင်းအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး စောလုကာက ပြောကြားခဲ့တဲ့အပေါ် ဒေသတွင်း ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
ဇူလိုင် ၂၂ ရက်နေ့ကပြုလုပ်တဲ့ တနင်္သာရီတိုင်းဒေသကြီး အစိုးရရဲ့ တတိယ ၁ နှစ်တာ ကာလအတွင်း ဆောင်ရွက်ချက်များနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
ဆလုံတိုင်းရင်းသားတွေ လူမှုဖွံ့ဖြိုးတိုးတက်ရေး ထောက်ပံ့ငွေ သိန်း ၁ ထောင်ထဲက သိန်း ၆၀၀ ကျော်ကို ထုတ်ယူကာ ဆန် နဲ့ ဆလုံကျေးရွာ ငါးရွာအတွက် သိန်း ၈၀ စီထောက်ပံ့ပေးခဲ့ပြီး ကျန်ရှိတဲ့ သိန်း ၃၈၀ ကျော်ကို ဆလုံလူမျိုးတွေ အသက်အန္တရာယ်ကင်းရှင်းစေဖို့ အသက်ကယ် အင်္ကျီတွေ၊ ကင်းမွန်နဲ့ ရေငုပ်ပစ္စည်းတွေ၊ ကျောင်းသုံးအမိုးကာ အင်္ကျီတွေ ထောက်ပံ့ဖို့ စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
ရေကို ကျွမ်းကျင်တဲ့ လူမျိုးစုအတွက် အသက်ကယ်အင်္ကျီ ပေးအပ်မယ်ဆိုတဲ့ဟာက ပေါ့ပျက်ပျက် အနေအထား ဖြစ်နေပြီး ဆလုံလူမျိုးစုတွေအတွက် တကယ်အသက်ကယ်တဲ့ စနစ်မျိုးကို လိုချင်တယ်ဆိုရင် လိုအပ်နေတဲ့ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးသင့်တယ်လို့ ဆလုံတိုင်းရင်းသား မိသားစုဝင် ဦးခင်မောင်ထွေးက ပြောပါတယ်။
ကျန်းမာရေးကောင်းမွန်တဲ့ ဆလုံလူမျိုးတယောက်ဟာ မီတာ ၂၀ အထိ အထောက်အကူ ပစ္စည်းမပါဘဲ ရေငုပ်နိုင်သလို ကိုယ်ဖော့စနစ်ကောင်းမွန်တာကြောင့် ရေပေါ်မှာအိပ်ပြီး အနားယူနိုင်တဲ့ လူမျိုးတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဆလုံတိုင်းရင်းသားတွေအနေနဲ့ တနင်္သာရီတိုင်းအတွင်းက ကော့သောင်းခရိုင်မှာ ၄ နေရာ၊ ဘုတ်ပြင်းမြို့နယ်ထဲမှာ ၃ နေရာနဲ့ ကျွန်းစုမြို့နယ်ထဲမှာ ၃ နေရာ စုစုပေါင်း ၁၀ နေရာမှာ နေထိုင်နေကြပါတယ်။
၁၉၈၀ ခုနှစ်ဝန်းကျင်က ဆလုံလူဦးရေ ၁၇၀၀၀ လောက်ရှိပြီး လက်ရှိမှာ ဆလုံ တိုင်းရင်းသားလူဦးရေ လျှော့နည်းလာကာ ၁၇၈၀ ကျော်ပဲ ရှိတော့တယ်လို့ သိရပါတယ်။
အခုလို ဆလုံတိုင်းရင်းသားတွေနည်းပါးလာရတာဟာ သက်ဆိုင်ရာအဖွဲ့စည်းတွေက ပင်လယ်ပြင်အတွင်း မူးယစ်ဆေးဝါး ထိန်းချုပ်နိုင်မှု အားနည်းတာနဲ့ သက်ဆိုင်နေသလို စီးပွားရေးလုပ်ငန်းရှင်တွေက ဆလုံတိုင်းရင်းသားတွေ မီတင်းနေတဲ့ ကျွန်းတွေပေါ်မှာ စီးပွားရေး လုပ်ငန်းတွေ လာရောက်လုပ်ကိုင်ပြီး ဆလုံတိုင်းရင်းသာတွေကို ကျွန်းတွေပေါ် ဖြတ်သန်း သွားလာခွင့် မပေးတော့တာနဲ့ သက်ဆိုင်နေတယ်လို့ ဆလုံအရေး လှုပ်ရှားနေသူက ပြောပါတယ်။
အောင်ကျော်