Home
မြန်မာသတင်း
အရှေ့တောင်အာရှ Smart City အလားအလာရှိ မြို့အဖြစ် မန္တလေးမြို့ ထပ်မံရွေးချယ်ခံရ
DVB
·
July 22, 2019
67488357_913439962354101_8501305016974311424_o
67487234_913439855687445_1397116431476195328_o
အရှေ့တောင်အာရှမှာရှိတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ Smart City ဖြစ်နိုင်တဲ့ အလားအလာရှိတဲ့ မြို့အနေနဲ့ မန္တလေးမြို့တော်ကို အခုနှစ်မှာ ထပ်မံရွေးချယ်ခဲ့တယ်လို့ မန္တ​လေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ပြောပါတယ်။ ၂၀၁၈ ခုနှစ်က စင်ကာပူနိုင်ငံမှာ ပြုလုပ်တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ နည်းပညာကို အခြေခံပြီး လူတွေ သက်သောင့်သက်သာ ဖြစ်စေမယ့် မြို့တော်တွေကို ရွေးချယ်ပြီး ကွန်ရက်ဖွဲ့ဖို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကအဆိုပြုခဲ့ပြီး နောက်ပိုင်းမှာ အရှေ့တောင်အာရှက မြို့တွေကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။  ၂၀၁၈ ခုနှစ်က စတင်ရွေးချယ်ခဲ့ရာမှာ မန္တ​လေးမြို့တော်ဟာ နံပါတ် ၅ နေရာမှာ ရှိခဲ့ပြီး အခုနှစ်မှာလည်း နံပါတ် ၅ နေရာမှာ ဆက်လက်တည်ရှိ ရွေးချယ်ခံထားရတာပါ။ အခုလို Smart City ဖြစ်နိုင်တဲ့ အလားအလာရှိတဲ့ မြို့အဖြစ် သတ်မှတ်ခံခဲ့ရတာကြောင့် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုစိတ်ဝင်စားလာကြတယ်လို့ မန္တ​လေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။ အခုလို ရွေးချယ်ခံရတာဟာ နည်းပညာအကူအညီနဲ့ မြို့တော်တွင်းနေထိုင်တဲ့ လူနေမှု အဆင့်အတန်းမြင့်မားလာအောင်၊ လူတွေ ဘေးကင်းလုံခြုံမှုရှိလာအောင်၊ လုပ်ငန်းတွေ ပိုမိုမြန်ဆန်လွယ်ကူ သွက်လက်လာအောင်၊ နည်းပညာနဲ့ ဆောင်ရွက်ပေးနိုင်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ မန္တ​လေး မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနဲ့ မီးပွိုင့်တွေမှာ စနစ်တကျသွားလာနိုင်ဖို့ စောင့်ဆိုင်းယာဉ်ကြောရှိတဲ့ဘက်ကို အလိုအလျောက် သွားခွင့်ပြု မီးစိမ်းပေးတဲ့ ဆင်ဆာစနစ် ပြောင်းလဲတပ်ဆင်ပေးတာ၊ စည်ပင်က ဝန်ထမ်းတွေ အမှန်တကယ် အလုပ် လုပ်မလုပ် လက်ဗွေစနစ်နဲ့ စစ်ဆေးကြပ်မက်တာ၊ အမှိုက်သိမ်းယာဉ်တွေကို GPS တပ်ဆင်ပြီး အလုပ်ချိန်ပုံမှန် လုပ်မလုပ် စောင့်ကြည့်စစ်ဆေးတာ၊ တမြို့လုံးမှာ သွားလာနေတဲ့ ယာဉ်တွေ ယာဉ်စည်းကမ်းချိုးဖောက်မှု ရှိမရှိ စောင့်ကြည့်ပြီး မီးပွိုင့်တွေ၊ လမ်းတွေကို ထိမ်းချုပ်နိုင်တဲ့ Control Room ကို စည်ပင်ရုံးမှာ တပ်ဆင်စောင့်ကြည့်တာ၊ ရေမီတာကို လွယ်ကူအောင် ဖတ်ရှု စစ်ဆေးနိုင်ဖို့ ဆောင်ရွက်တာ၊ မန္တလေးမြို့ကို ကောင်းကင်ဓာတ်ပုံရိုက်ပြီး အဆောက်အဦတွေ အခြေအနေကို စစ်ဆေးတာ စတဲ့ နည်းပညာကို အသုံးပြုပြီိး မြို့တော်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် စည်ပင်နဲ့ပတ်သက်တဲ့ လုပ်ငန်းတိုင်းမှာ လွယ်ကူစွာ ငွေပေးငွေချေတာတွေ လုပ်ဆောင်နိုင်ဖို့ Electronic စနစ်နဲ့ နည်းပညာကို အခြေခံထားတဲ့ Mandalay City Bay ဆိုတဲ့ စနစ်ကို ဆောင်ရွက်သွာဖို့ရှိတယ်လို့လည်း သိရပါတယ်။ အခုလို Smart City အလားအလာရှိမြို့တော် အဖြစ် ဒုတိယအကြိမ် ရွေးချယ်ခံရတာဟာ ဂုဏ်ယူဖွယ်ဖြစ်ပြီး Smart City ဆိုတဲ့ အမည်နဲ့အညီ ပြည်သူလူထုရဲ့ လုံခြုံရေး၊ သွားလာမှု အဆင်ပြေချောမွေ့ရေးအပြင် အခွန်အခပေးဆောင်ရတာတွေမှာ ပိုမိုလွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးဖို့ မျှော်လင့်တယ်လို့ မန္တ​လေးမြို့ခံ စီးပွားရေး လုပ်ငန်းရှင် MRCCI အထွေထွေ အတွင်းရေးမှူး ဦးဥက္ကာကျော် က ပြောပါတယ်။ Smart City အလားအလာရှိ မြို့တော်တခုအဖြစ် ရွေးချယ်ခံခဲ့ရတာကြောင့် နိုင်ငံတကာကနေ စက်မှုလုပ်ငန်းတွေ တိုးချဲ့ဖို့ လာရောက်တွေ့ဆုံလေ့လာနေကြပြီး ရင်းနှီးမြှုပ်နှံဖို့၊ မြို့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အများပြည်သူ ခရီးသွားလာရေးအတွက် Public Transportation တွေ လုပ်ဆောင်ဖို့ လာရောက်ကမ်းလှမ်းတာတွေ ရှိတယ်လို့ မန္တ​လေး မြို့တော် စည်ပင်သာယာရေး ကော်မတီက သိရပါတယ်။ သတင်း- ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024