လမ်းမတော် ဘုန်းကြီးလမ်းကို ၁၅ လကြာပိတ်မည့်သတင်း မဟုတ်မှန်ဟု လမ်းတံတားဌာနပြော
သူဇာလင်း
·
July 16, 2019
ဒလတံတားတည်ဆောက်ရေးစီမံကိန်းအတွက် ရန်ကုန် လမ်းမတော်မြို့နယ်ရှိ ဘုန်းကြီးလမ်းကို သြဂုတ်လက စတင်ပြီး ၁၅ လ ကြာလမ်းပိတ်မယ်ဆိုတဲ့ သတင်း မဟုတ်မှန် တဲ့အကြောင်း အင်ဂျင်နီယာဌာန လမ်းတံတားစီမံကိန်းဌာနက ပြောပါတယ်။
လက်ရှိမှာတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနတွေရဲ့ ဆွေးနွေးချက်တွေအရ ဒလနဲ့ ရန်ကုန်ဘက်ကို ဆက်သွယ်တည်ဆောက်မယ့် ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ဒလတံတားတည်ဆောက်ရေးစီမံကိန်းအတွက် ရန်ကုန်ဘက်ခြမ်းကို အပိုင်းလိုက် ခွဲပြီး လုပ်ဆောင်သွားမယ်လို့ပြောပါတယ်။
ပထမဆုံးအနေနဲ့ ကမ်းနားလမ်းနဲ့ မဟာဗန္ဓုလလမ်းကို အရင်းဆုံးလုပ်ဆောင်ဖို့ စီစဉ်ထားပြီး ဘယ်အချိန်လုပ်ငန်းလုပ်မယ်ဆိုတာ အတိအကျမပြောနိုင်သေးဘဲ လုပ်ငန်းစတင်ဖို့ ဆွေးနွေးနေဆဲပဲလို့ လည်း ဇူလိုင် ၁၅ ရက်က ကျင်းပတဲ့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ အင်ဂျင်နီယာဌာန လမ်းတံတားစီမံကိန်းဌာန တာဝန်ရှိသူတွေက ရှင်းလင်းပြောသွားတာပါ။
ဒလတံတားစီမံကိန်းကြောင့် ဘုန်းကြီးလမ်းကို ဩဂုတ် ၁ ရက်မှ ၂၀၂၀ အောက်တိုဘာ အထိ ၁၅ လကြာပိတ်ထားမှာဖြစ်လို့ ဘတ်စ်ကားတွေကို လမ်းကြောင်းရှောင် ပြေးဆွဲဖို့ YRTAက ညွှန်ကြားထားကြောင်း ၀ိုင်ဘီအက်စ်ယာဉ်လိုင်းတာဝန်ရှိတွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး သတင်းတွေထွက်ပေါ်ခဲ့တာပါ။