ချောက်တွင် ကြွပ်ကြွပ်အိတ် လျော့ချသုံးစွဲရေးအတွက် စက္ကူအိတ်နှင့်အင်ဖက်များ အခမဲ့ပေးဝေ
DVB
·
July 14, 2019
မကွေးတိုင်း ချောက်မြို့ မြို့မဈေးမှာ ကြွပ်ကြွပ်အိတ် လျော့ချသုံးစွဲရေးအတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့က အစားထိုး စက္ကူအိတ်တွေ၊ အင်ဖက်တွေ ဇူလိုင် ၁၄ ရက်နေ့ မနက်ပိုင်းက အခမဲ့ လိုက်လံပေးဝေခဲ့ပါတယ်။
စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမန်းက `လိုက်လုပ်ပြတော့ ဈေးသူဈေးသားကော၊ ဈေးဝယ်သူတွေကောက စိတ်ဝင်စားတယ်။ အစားထိုးသုံးရတဲ့ စက္ကူ အိတ်တို့ အင်ဖက်တို့ကို ဝယ်ဖို့ခက်လို့သာ သုံးနေကြတာလို့လည်းပြောတော့ စည်ပင်ကသာ အင်ဖက်တို့ စက္ကူ အိတ်တို့ကို တင်ပေးထားနိုင်ရင် အောင်မြင်ဖို့ ရာခိုင်းနှုန်း အလားအလားများတယ်” လို့ပြောပါတယ်။
မြို့မ ဈေးတွင်း၊ ဈေးပြင်ရှိ အသားရောင်းဆိုင် ၃၀ နဲ့ ကုန်ခြောက်ဆိုင် ၆၀ ကို အစားထိုးအသုံးပြုနိုင်တဲ့ စက္ကူအိတ်၊ အင်ဖက်တို့ကို အခမဲ့ပေးဝေခဲ့ပြီး ဈေးဆိုင်တွေမှာ ကြွပ်ကြွပ်အိပ်လျော့ချ သုံးစွဲကြစို့၊ နောင်မျိုးဆက်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အလေးထားကြပါ စာတန်းပါ စတစ်ကာတွေ လိုက်ကပ်ကြပြီး ကြွပ်ကြွပ်အိတ်လျော့ရသုံးစွဲဖို့ ဈေးဆိုင်အားလုံးကို အသိပညာပေး လက်ကမ်းစာစောင်ပေးဝေးခဲ့တယ်လို့ သိရပါတယ်။
အပတ်စဉ် တနင်္ဂနွေ နေ့တိုင်း ချောက်မြို့နယ် အတွင်းရှိ မြို့မဈေး၊ စလေဈေး၊ ဈေးလေးတွေ အားလုံးကို အလှည့်ကျ ဆောင်ရွက်သွားမယ်လို့ မြို့နယ်စည်ပင်သာယာရေး အဖွဲ့က ပြောပါတယ်။
ကိုလင်း(ချောက်)