လပွတ္တာတွင် လေပြင်းကြောင့် စာသင်ကျောင်းနှင့် နေအိမ်အချို့ ပျက်စီးဆုံးရှုံး
DVB
·
July 8, 2019
ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်မှာ လေပြင်းတိုက်ခတ်တာကြောင့် စာသင်ကျောင်းတကျောင်းနဲ့ နေအိမ် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
လပွတ္တာမြို့နယ်၊ ကျွန်းကလေးကျေးရွာမှာ ဇူလိုင် ၇ ရက်နေ့ မနက် ၉ နာရီကျော်လောက်က လေပြင်းတိုက်ခတ်ခဲ့တာဖြစ်ပြီး အ.မ.က (ခွဲ) ကျောင်း ပြိုကျပျက်စီးခဲ့ပါတယ်။
ကျွန်းကလေးကျေးရွာ အ.မ.က (ခွဲ) ကျောင်းဆောင်မှာ အလျား ပေ ၄၀၊ အနံ ပေ ၃၀ ရှိ ဓနိမိုး၊ ထရံကာ အင်္ဂတေခင်း တထပ်ကျောင်းဆောင်ဖြစ်ပြီး ကျောင်းသားကျောင်းသူ ၂၅ ဦး ပညာသင်ကြားနေတာပါ။
လတ်တလောမှာ ကျောင်းသားကျောင်းသူတွေ ဆက်လက်ပညာသင်ကြားနိုင်ရေးအတွက် ကျွန်းကလေးကျေးရွာရှိ ရပ်မိရပ်ဖ ဦးခင်ဝေရဲ့ နေအိမ်မှာ ခေတ္တစီစဉ်ထားတယ်လို့ ဆိုပါတယ်။
အလားတူ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ မြွေဟောက်ကျေးရွာအုပ်စု၊ မြွေဟောက်ကျေးရွာမှာ ဇူလိုင် ၇ ရက်နေ့ မနက် ၁၁ နာရီ ၁၅ မိနစ်လောက်က လေပြင်းတိုက်ခတ်တာကြောင့် မြွေဟောက်ကျေးရွာရှိ နေအိမ် ၁ လုံး၊ လယ်တဲ ၂ လုံး၊ စပါးကျီ ၁ လုံးတို့ ပြိုကျပျက်စီးခဲ့ပါတယ်။
သိုလှောင်ထားတဲ့ ဆင်းသုခမျိုးစပါး ၄၃ တင်း၊ ပေါ်ဆန်းစပါး ၃၃ တင်း၊ ပုလဲတံဆိပ် ဓာတ်မြေသြဇာ ၂ အိတ်နဲ့ တီစူပါတံဆိပ် ဓာတ်မြေသြဇာ ၃ အိတ် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
စာသင်ကျောင်းနဲ့ နေအိမ်၊ မျိုးစပါးတွေ အပါအဝင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၇၆ သိန်းကျော်ဖိုး ရှိတယ်လို့ သိရပါတယ်။
သတင်း - ကျော်စိုးမိုး၊ ဓာတ်ပုံ - ဘိုဘို၊ ကျော်မင်းနိုင်