ဂျိုးတောင်နှင့်ချပ်သင်း ရထားလမ်းပိုင်းအား ကိုးချောင်းဆက်သံလမ်းဖြင့် အစားထိုး
DVB
·
June 29, 2019
မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်ရှိ ဂျိုးတောင် ဘူတာနှင့် ချပ်သင်းဘူတာအကြား လမ်းပိုင်းကို ကိုးချောင်းဆက်သံလမ်းနဲ့ အစားထိုး ပြုပြင်နေတယ်လို့ မြန်မာ့မီးရထား အငယ်တန်း အင်ဂျင်နီယာ(၁)သံလမ်းဦးသန်းနိုင်က ပြောပါတယ်။
“မိုင်တိုင်အားဖြင့် ဂျိုးတောင်ဘူတာ ၅၅၂/၅ ကနေ ချပ်သင်းဘူတာ ၅၁၉/၁၂ အထိ လဲလှယ်သွားမှာဖြစ်ပါတယ်။ ကိုးချောင်းဆက် သံလမ်း လဲပြီးတဲ့နောက်ပိုင်းမှာ ဇလီဖားတုံးတွေကို အနိမ့်အမြင့်ချိန်တယ်၊ လူနဲ့ ပါကင်ရိုက်တယ်၊ စက်နဲ့ပါကင် ရိုက်တယ် စက်ကြီးနဲ့ပါကင်ရိုက်တယ်။ ကိုးချောင်းဆက်သံလမ်း လဲလှယ်ခြင်းအားဖြင့် ယခင်က ၃၉ ပေ သံလမ်း ၁ မိုင်မှာ ၁၃၆ ဆက်ရှိတယ်။ ၃၄၀ ပေရှိ ကိုးချောင်းဆက်သံလမ်းလဲလှယ်ပြီးချိန်မှာ သံလမ်း ၁ မိုင်မှာ ၁၆ ဆက်ပဲရှိပါတော့တယ်။ အဆက်မှာဖြစ်တတ်တဲ့ ခုန်ဆောင့်လူးတာတွေ ပျောက်သွားမယ် မတော်တဆမှုတွေ လျော့နည်းသွား မယ်။ခရီးသွားပြည်သူတွေစီးတဲ့အခါမှာ အဆက်မှာ၊ ဖြစ်တတ်တဲ့ ခုန်ဆောင့်လူးတွေ မရှိတဲ့အတွက်ကြောင့် သက်တောင့်သက်သာ စီးနင်းနိုင်မယ်။”
မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းဟာ ရထားသံလမ်းခရီးမိုင် ၃၃၇ မိုင်လောက် ရှည်လျားပြီး မြန်မာနိုင်ငံအထက်ပိုင်းရှိ ခရီးသွားပြည်သူတွေ၊ ကုန်သည်တွေက အဓိက အားကိုးအားထားပြုနေရတဲ့ မီးရထားခရီးလမ်းကြောင်းတခုဖြစ်ပါတယ်။
အဆိုပါ ရထားလမ်းပိုင်းမှာ မိုးတွင်းကာလ ရထားဘီးချော်တာ၊ အချိန်ကြာမြင့်စွာစီးရတာ၊ ရထားခုတ်မောင်းချိန် ရထားရဲ့ ခုန်ဆောင့်လူးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းပေါ်ရှိ ခက်ခဘူတာမှ ရွှေဘိုဘူတာအထိ ၃၂ ဒသမ ၇၅ မိုင်ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်က ကိုးချောင်းဆက်သံလမ်းနဲ့ အစားထိုးပြုပြင်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မဲဇာဘူတာမှ မော်ဟန်ဘူတာအထိ ၄၄ ဒသမ၈၅ မိုင်ကို ကိုးချောင်းဆက်သံလမ်းနဲ့ အစားထိုး ပြုပြင်ခဲ့ပါတယ်။
အခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ဂျိုးတောင်ဘူတာမှ ချပ်သင်းဘူတာအထိ ၃၃ မိုင်ကို ကိုးချောင်းဆက်သံလမ်းနဲ့ အစားထိုးပြုပြင်နေတာပါ။
ကိုကိုလင်း(အင်းတော်)