မော်လမြိုင်ကျွန်းတွင် စက်လှေ၂ စီး တိုက်မိသဖြင့် ၁ ဦးပျောက်ဆုံး၊ ၂ ဦး ဒဏ်ရာရ
DVB
·
June 28, 2019
ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်မှာ ပဲ့ထောင်စက်လှေ ၂ စီး တိုက်မိတာကြောင့် အမျိုးသမီး ၁ ဦး ရေနစ်ပျောက်ဆုံးနေပြီး ကျောင်းသူကျောင်းသား ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်၊ ဝဲစုချောင်းကျေးရွာ ဝဲစုချောင်းအတွင်းမှာ ဇွန် ၂၇ ရက် မနက် ၈ နာရီခွဲလောက်က စိုးမင်းသူ မောင်းနှင်ပြီး မင်းမင်းကို လိုက်ပါလာတဲ့ ပဲ့ထောင်စက်လှေနဲ့ နိုင်လင်းခိုင် မောင်းနှင်ပြီး မြွေပေါက်ကျေးရွာနေ ကျောင်းသူကျောင်းသားတွေအပါအ၀င် လူ ၂၁ ဦး လိုက်ပါလာတဲ့ ပဲ့ထောင်စက်လှေတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့တာပါ။
စက်လှေ ၂ စီး တိုက်မိတာကြောင့် အေးမြတ်မွန် (၃၀) နှစ်ဟာ ချောင်းအတွင်း နစ်မြုပ်ပျောက်ဆုံးသွားပြီး ကျောင်းသား/သူ ကလေးငယ် ၂ ဦးတို့ ရင်ဘတ်၊ ခြေသလုံး၊ ဦးခေါင်း နောက်စေ့ပေါက်ပြဲ နာကျင်ဒဏ်ရာတွေ (မစိုးရိမ်ရ) ရရှိခဲ့လို့ မော်လမြိုင်ကျွန်းပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားပါတယ်။
စက်လှေမောင်း စိုးမင်းသူနဲ့ နိုင်လင်းခိုင်တို့ ၂ ဦးအား ကျိုက်ပိနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၀/၃၃၇ (ရေယာဉ်အား ပေါ့လျော့စွာ မောင်းနှင်မှု၊ ပေါ့လျော့မှုကြောင့် သာမန်နာကျင်စေမှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။