ဇနီးမောင်နှံအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သူကို သေဒဏ်နှင့်ထောင်ဒဏ် ချမှတ်
DVB
·
June 27, 2019
မန္တလေးမြို့မှာ ဆိုင်ကယ်စီးလာတဲ့ ဇနီးမောင်နှံကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် တရားခံ ခွန်ကောလားကို မန္တလေးခရိုင်တရားရုံးက ဇွန်လ ၂၇ ရက် နေ့လယ်ပိုင်းမှာ သေဒဏ်အပြင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် သြဂုတ် ၁၃ ရက် မနက် ၁၁ နာရီခွဲလောက်က ချမ်းမြသာစည်မြို့နယ်၊ ၅၅ လမ်းနဲ့ မနော်ဟရီလမ်းတောင်ဘက်၊ ရွာလယ်လမ်းနဲ့ နှင်းဆီလမ်းကြား လမ်းမပေါ်မှာ ဆိုင်ကယ်စီးလာတဲ့ ဇနီးမောင်နှံနှစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။
မျက်နှာချင်းဆိုင် ဆိုင်ကယ်စီးနင်းလာတဲ့ လီလျှံခွမ်း(ခေါ်)ကိုဇော်လင်းနဲ့ ဇနီးဖြစ်သူ မယွမ်ဖိန်း (ခေါ်) မဟော်လောက်ဖိန်းတို့ စီးနင်းလာတဲ့ ဆိုင်ကယ်ရှေ့ကနေပိတ်ရပ်ပြီး လက်ထဲမှာ အသင့်ပါလာတဲ့ ပစ္စတိုနဲ့ လေးချက်ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့တာပါ။
လီလျှံခွမ်း(ခ)ကိုဇော်လင်းရဲ့ ရင်ဘတ်မှာ သေနတ်ဒဏ်ရာတချက်၊ ဝဲဘက်နံဘေးမှာ သေနတ်ဒဏ်ရာတချက် ရရှိခဲ့ပြီး မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။
သူ့ရဲ့ ဇနီးဖြစ်သူ ဒေါ်ယွမ်ဖိန်း(ခေါ်) မဟော်လောက်ဖိန်းကတော့ အခင်းဖြစ်နေရာမှာပဲ ဝဲဘက်နားထင်သေနတ်ဒဏ်ရာတချက်ရရှိပြီး နေရာမှာပဲ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီအတွက် ခွန်ကောလားကို ကန်သာယာရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့ရာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ဂ)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၂/ ၃၉၇ စွဲချက်တင်ခဲ့ပြီး ဇွန်လ ၂၇ ရက် နေ့လယ်ပိုင်းမှာတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ဂ)အရ သေဒဏ်နဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၂/ ၃၉၇ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
အခုလို သေဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး ခွန်ကောလားဘက်ကနေ အယူခံတက်လိုတဲ့ ဆန္ဒရှိပါက ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ သူ့ရဲ့ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေ တဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်ကပြောပါတယ်။
ဒါ့အပြင် ခွန်ကောလားကို ချမ်းမြသာစည်မြို့နယ် တရာရုံးကလည်း လက်နက်ဥပေဒပုဒ်မ ၁၉ (စ) နဲ့ သီးခြား ထောင်ဒဏ် ၃ နှစ်ချမှတ်ထားတယ်လို့ သိရပါတယ်။
ထိန်ထိန်လင်း