ထိုင်းဝန်ကြီးချုပ်သစ်ထံ ၀မ်းမြောက်ကြောင်းသ၀ဏ်လွှာ အတိုင်ပင်ခံပုဂ္ဂိုလ်ပေးပို့
DVB
·
June 7, 2019
ထိုင်းဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ ဗိုလ်ချုပ်ကြီး (ငြိမ်း) ပရာယွတ်ချန်အိုချာ ထံကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲအပြီး ဝန်ကြီးချုပ်ကို ဇွန် ၅ ရက်က ထိုင်းလွှတ်တော်မှာ မဲစနစ်နဲ့ ရွေးကောက်တင်မြှောက်ခဲ့ပြီး ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက မဲအပြတ်အသတ် အနိုင်ရပြီး ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ် ဖြစ်လာပါတယ်။
ထိုင်းလွှတ်တော်အစည်းအဝေးကို ဇွန်လ ၅ ရက် မနက် ၁၀ နာရီကနေ ည ၉ နာရီကျော်ထိ ကျင်းပခဲ့ပြီး အထက်လွှတ်တော်အမတ် ၂၅၀ ဦး၊ အောက်လွှတ်တော်အမတ် ၅၀၀ ဦးတို့ရဲ့ ဆန္ဒမဲတွေနဲ့ ရွေးချယ်ခဲ့တာပါ။
ဓာတ်ပုံ-Prayut Facebook