Homeမြန်မာသတင်း
ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ၅ ကြိမ်မြောက် ရုံးထုတ်၊ ၀န်းရံသူများသဖြင့် လုံခြုံရေးတိုးမြှင့်
ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ၅ ကြိမ်မြောက် ရုံးထုတ်၊ ၀န်းရံသူများသဖြင့် လုံခြုံရေးတိုးမြှင့်
DVB
·
June 7, 2019
တပ်မတော်အပေါ် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို တိုက်ကြီးမြို့နယ်တရားရုံးမှာ ဒီကနေ့ ၅ ကြိမ်မြောက်ရုံးထုတ်ရာ ဝန်းရံသူတွေများလို့ ရဲတပ်ဖွဲ့က လုံခြုံရေးတိုးမြှင့်ချထားပါတယ်။
ဇွန် ၇ ရက်နေ့ ရုံးထုတ်တာမှာ လိုင်သာယာ၊ ရွှေပြည်သာ၊ သန်လျင်၊ တိုက်ကြီးနဲ့ အဖျောက်မြို့က ပြည်သူ ၂၀၀ လောက်က "တပ်မတော်၏ တရားစွဲဆိုမှုများ ရုပ်သိမ်းပေးပါ" စာတမ်းပါ အပြာရောင်တီရှပ်အင်္ကျီတွေ၊ “အမှန်တရားအတွက် ကိုနေမျိုးဇင်ရှိသလို ကောက်ကျစ်မှုတွေအတွက် လူယုတ်မာတွေရှိတယ်။ သတိ သတိ သတိ" စာတမ်းပါအဖြူ ရောင်တီရှပ်အင်္ကျီတွေ ၀တ်ဆင်ပြီး ဝန်းရံခဲ့ကြတာပါ။
နေ့လယ် ၁ နာရီခွဲအချိန် ရုံးထုတ်ခဲ့တာဖြစ်ပြီး ဦးနေမျိုးဇင်ဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် မလာတာကြောင့် နောက်တပတ်ရုံးချိန်းကို ဇွန်လ ၂၄ ရက်နေ့ ပြန်လည်ချိန်းဆိုလိုက်ပါတယ်။
အရင်ရုံးထုတ်တွေတုန်းက ဝန်းရံသူတွေ တရားခွင်ထဲ ဝင်ခွင့်ရခဲ့ပေမယ့် ၄ ကြိမ်မြောက်ရုံးထုက်ကစတင်ပြီး ဝန်းရံသူတွေ တရားခွင်အတွင်း ဝင်ခွင့်မရခဲ့တာကြောင့် ရုံးအပြင်မှာသာ စောင့်နေကြရတာပါ။ အခုတပတ် ၅ ကြိမ်မြောက် ရုံးထုတ်မှာ လုံခြုံရေးအင်အား ၅၀ ခန့် တိုးမြင့်ချထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁ ရက်က အဖျောက်မြို့မှာ ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုထောက်ခံပွဲမှာ စာရေးဆရာထင်လင်းဦး၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နဲ့ ကိုနေရဲ (ခ) ကိုနန္နအောင်တို့က ပြည်သူတွေကို ဟောပြောခဲ့ပါတယ်။
ဗိုလ်ကြီးဟောင်းနေမျိုးဇင်က တပ်မတော်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဟောပြောခဲ့တာကြောင့် တိုက်ကြီးမြို့ အမှတ် (၁) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ဒုဗိုလ်မှူးကြီးတိုးလွင်က တရားလိုလုပ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅၀၅(က)/(ခ) နဲ့ အမှုဖွင့် တရားစွဲခဲ့ပါတယ်။
သတင်း- မေသွယ်