ဆီဆိုင်တွင် ယာဉ်မတော်တဆမှု ပိုများလာ၊ စည်ကမ်းမလိုက်နာသူများကို ဖမ်းဆီးအရေးယူ
DVB
·
June 7, 2019
ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ နယ်မှာ ယာဉ်စည်းကမ်း လိုက်နာမှုအားနည်းတဲ့အတွက် ယာဉ်မတော်တဆ ဖြစ်ပြီး သေဆုံးသူ မြင့်မားနေတာကြောင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေပါတယ်။
မော်တော်ဆိုင်ကယ်တွေအနေနဲ့ ဆိုင်ကယ်စီးပြီး ဦးထုပ်မဆောင်းတဲ့အတွက် အသက်ဆုံးရှုံးရတာ အများစု ဖြစ်နေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
“အဓိက ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသူကို အရေးယူတာပါ။ ကျန်လိုင်စင်စစ်ဆေးတာတွေ မလုပ်ဘူး။ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိ ပညာပေးဟောပြောပွဲတွေ လုပ်တယ်၊ လက်ကမ်းစာစောင်ဝေငှမှု လုပ်တယ်၊ ဆိုင်ကယ်ဦးထုပ်ဝယ်ပြီး အခမဲ့ပေးတယ်၊ လူတွေက စည်းကမ်းမလိုက်နာဘူး အဲ့ဒါနဲ့ အရေးယူတဲ့အပိုင်းကို ပြုလုပ်တာပါ” လို့ ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူး သီဟန်ကပြောပါတယ်။
စည်းကမ်းမလိုက်နာတဲ့သူတွေကို ဖမ်းဆီးဖို့ တလကြိုတင်အသိပေးတာတွေ ဆောဂ်ရွက်ပြီးမှ ဖမ်းဆီးအရေးယူတာလို့ ဆိုပါတယ်။
ယာဉ်စည်းကမ်း မလိုက်နာသူတွေကို မော်တော်ယာဉ်ဥပဒေ ၅၄(ဃ)/၆ အရ ဒဏ်ငွေ ၃ သောင်းကို တရားရုံးမှာ သွားဆောင်ခိုင်းတယ်လို့ သိရပါတယ်။
“ကျနော်တို့ ပြည်သူတွေ ဥပဒေကိုလေးစားတန်ဖိုးထားလာတဲ့အထိ ဒီဖမ်းဆီးအရေးယူမှုတွေကို ဆက်လက်လုပ်သွားမှာပါ” လို့ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင်က ပြောပါတယ်။
ဆီဆိုင်မြို့နယ်မှာ ၂၀၁၈ ခုနှစ်အတွင်း ယာဉ်မတော်တဆ ဖြစ်ပွားမှု ၃၀ ရှိပြီး ဒဏ်ရာရသူ ၄၀ ကျော်ကာ သေဆုံးသူ ၇ ဦး ရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ငါးလပိုင်းအကုန်ထိ ယာဉ်မတော်တဆ ဖြစ်ပွားမှု ၁၇ ခုရှိပြီး ဒဏ်ရာရသူ ၂၀ ကျော်ကာ သေဆုံးသူ ၁၁ ဦး အထိ ရှိနေတာကြောင့် အရင်နှစ်တွေကထက် မြင့်မားလာတာပဲ ဖြစ်ပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ခွန်ရာဇာ