ထိုင်းတောင်ပိုင်း ကော့ဆမွီတွင် တရားမ၀င် မြန်မာ ၇ ဦး ဖမ်းဆီးခံရ
DVB
·
June 7, 2019
ထိုင်းတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ကော့ဆမွီကျွန်းမှာ နိုင်ငံထဲ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာ ၆ ဦးနဲ့ ခေါ်ဆောင်လာသူ ၁ ဦး စုစုပေါင်း ၇ ဦးကို တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်တယ်လို့ ဆယာမ်ရတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဆူရတ်ဌာနီခရိုင် လ၀ကရဲ၊ ကမ္ဘာလှည့်ခရီးသည်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ အလုပ်သမားရုံးက တာဝန်ရှိသူတွေဟာ တရားဥပဒေနဲ့ မညီညွတ်သူတွေကို လိုက်လံစစ်ဆေးစဉ် ဇွန် ၆ ရက်က မြန်မာ ၇ ဦးကို ကော့ဆမွီမြို့ မယ်နမ့်အုပ်စု ရပ်ကွက် ၁ ရှိ မယ်နမ့်တံတားပေါ်မှာ စစ်ဆေးဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေမှာ ခိုင်ခိုင်၊ မီးမီး၊ အားမိန်စိုး၊ မြင့်စိုး၊ ချာလီ၊ ပြည့်စုံ တို့ဖြစ်ပြီး ထိုင်းနိုင်ငံထဲ ၀င်ရောက်လာတဲ့ အထောက်အထားမရှိတာကြောင့် တရားမ၀င် ၀င်ရောက်မှုနဲ့ အရေးယူခံရမယ်လို့ တာဝန်ကျရဲဝန်ထမ်းတဦးက သတင်းထောက်ကို ပြောပါတယ်။
ဒါ့အပြင် သူတို့ကို ခေါ်ဆောင်လာတဲ့ ခန့်ဇော်ထက်ကိုလည်း တရားမ၀င် ၀င်ရောက်လာသူတွေကို ဖမ်းမမိအောင်ကာကွယ်ကူညီပေးမှုနဲ့ အရေးယူသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။