တောင်ငူမြို့နယ်မှာ ယာဉ်မတော်တဆမှုကြောင့် ၃ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ
DVB
·
June 1, 2019
ပဲခူးတိုင်း တောင်ငူမြို့နယ်မှာ ယာဉ်မတော်တဆမှုကြာင့် ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
မေ ၃၁ ရက်နေ့ ည ၇ နာရီခွဲလောက် တောင်ငူမြို့နယ်၊ ထုံးဘိုကြီးကျေးရွာ တောင်ငူ-လွိုင်ကော်ကားလမ်း မိုင်တိုင်(၁၆/၄-၅) ကြားမှာ မျိုးသူမောင်းနှင်ပြီး ကျောက်တွေ တင်ဆောင်လာတဲ့ ၁၀ ဘီးယာဉ်ဟာ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ကို ထိုးကျကာ လမ်းဘေးတဲ ဝင်တိုက် တိမ်းမှောက်ခဲ့တာပါ။
ယာဉ်တိုက်မှုကြောင့် တဲအတွင်းရှိ မသိန်းသိန်းမော် (၄၈) နှစ်အပါအ၀င် ၃ ဦး (ကျား ၁၊ မ ၂) တို့ ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး ဦးလှမြင့်ဦးအပါအ၀င် ၅ ဦး (ကျား ၄၊ မ ၁) နဲ့ ယာဉ်မောင်း မျိုးသူတို့ ဒဏ်ရာ (စိုးရိမ်ရ) တွေ ရရှိခဲ့ပြီး တောင်ငူ ပြည်သူ့ဆေးရုံ ပို့ဆောင်ကုသထားတယ်လို့ ဆိုပါတယ်။
တောင်ငူမြို့နယ် အမှတ်-၁၊ နယ်မြေရဲစခန်းက မျိုးသူ ကို ရာဇသတ်ကြီးပုဒ်မ ၃၀၄/၃၃၈ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်နာကျင်စေမှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။