Homeမြန်မာသတင်း
ပဲခူးဝန်ကြီးချုပ်၏သား ဓားထောက်ခြိမ်းခြောက်ခံရ၊ ဓားဖြင့်ခုခံသည့်တရားခံ ၂ ဦးကိုရဲက သတ်ပုတ်ဖမ်းဆီး
ပဲခူးဝန်ကြီးချုပ်၏သား ဓားထောက်ခြိမ်းခြောက်ခံရ၊ ဓားဖြင့်ခုခံသည့်တရားခံ ၂ ဦးကိုရဲက သတ်ပုတ်ဖမ်းဆီး
DVB
·
May 28, 2019
ပဲခူးမြို့၊ နန်းတော်ရာဝန်းအတွင်းမှာ မေလ ၂၇ ရက်ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်ရဲ့သားဖြစ်သူကို အမျိုးသား ၂ ဦး က ဓားထောက်ခြိမ်းခြောက်ပြီး ငွေနဲ့ ဖုန်းကို တောင်းယူမှု ဖြစ်ပွားခဲ့တယ်လို့  ပဲခူးမြို့ အမှတ် ၁ နယ်မြေ ရဲစခန်းက သိရပါတယ်။
မနေ့ညနေက ၀န်ကြီးချုပ်ရဲ့သား အပါအ၀င် သူငယ်ချင်း ၄ ဦးဟာ ပဲခူးမြို့ နန်းတော်ရာကို သွားရောက်လည်ပတ်ရာမှာ သူငယ်ချင်း ၂ ဦးက အလှဓါတ်ပုံရိုက်နေလို့ အုတ်ခုံမှာထိုင်ပြီး နားနေစဉ် ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ဦး နန်းတော်ရာထဲဝင်လာပြီး ဓါးနဲ့ထောက်ကာ ဖုန်းနဲ့ ပိုက်ဆံခြိမ်းခြောက် တောင်းယူခဲ့တာလို့ ရဲမှတ်တမ်းအရ သိရပါတယ်။
အနီးနားရှိ သူငယ်ချင်းတဦးက ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခံခဲ့တဲ့အတွက် ဓားထောက်ပြီး ခြိမ်းခြောက်နေသူ ၂ ဦးဟာ ဆိုင်ကယ်မောင်းပြီး ထွက်ပြေးသွားခဲ့တယ်လို့ လည်းဆိုပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ပဲခူးမြို့မရဲစခန်းတာဝန်ရှိသူတွေက တရားခံကို လိုက်လံစုံစမ်းရာ နန်းတော်ရာအနီး အိမ်တအိမ်မှာ တပ်ထားတဲ့ စီစီတီဗွီမှတ်တမ်းတွေကနေ တရားခံတွေရဲ့ ပုံတွေရယူအတည်ပြုနိုင်ခဲ့ပြီး ဆက်လက်ရှာဖွေရာမှာ ညနေ ၄ နာရီ ၄၅ လောက်မှာ ပုဏ္ဏားစု ၇လမ်း အနောက်ထိပ်ရှိ မြစိမ်းရောင်စေတီ အနောက်ဘက်ရှိ ချုံနွယ်တွေထဲမှာ မင်းထက်သာနဲ့ သူရိန်ထွန်း တို့ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
သူတို့ နှစ်ဦးကို ဖမ်းဆီးရာမှာ ဓားနဲ့ ပြန်လည်ခုခံခဲ့တဲ့အတွက် ခရိုင်သတင်းတပ်ဖွဲ့တွေနဲ့ နယ်ထိန်းခေါင်ဆောင်ဒု ရဲအုပ်ကိုကိုဇော်အပါအ၀င် နယ်ထိန်းတပ်ဖွဲ့က လုံးထွေး သတ်ပုတ် ဖမ်းဆီးခဲ့ရတယ်လို့လည်း သိရပါတယ်။
ဖမ်းမိသူ ၂ ဦးကို ဆက်လက်စစ်ဆေးရာ မနေ့ညနေက နန်းတော်ရာဝန်းထဲကနေ ထွက်ပြေးပြီးနောက် ပဲခူးမြို့ ကျောက်တွင်းကုန်းပန်းခြံမှာ ဖုန်းနှစ်လုံးကို လုယက်ခဲ့ကြောင်း ၀န်ခံခဲ့လို့ ပဲခူးမြို့ မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၇၊ ၁၁၄၊ ၃၈၂၊ ၅၄ တို့နဲ့ အမှုဖွင့် အရေးယူ ထားပါတယ်။
သတင်း- အောင်စိုးမိုး