လမ်းဘေးခွေးရှင်းလင်းချိန် မွေးလိုသူများလာယူကြရန် စည်ပင်ဥက္ကဋ္ဌဆို
DVB
·
May 25, 2019
လမ်းဘေးခွေးတွေကို ရှင်းလင်းချိန်မှာ ခွေးချစ်သူတွေအနေနဲ့ အိမ်မှာ မွေးချင်တယ်ဆိုရင် လာယူနိုင်ပြီး အသိအမှတ်ပြု လိုင်စင်ရရှိအောင် စီစဉ်ပေးမယ်လို့ ဗဟန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။
ဗဟန်းမြို့နယ်ထဲက ပိုင်ရှင်မဲ့ လမ်းဘေးခွေးတွေကို လာမယ့် ရက်သတ္တပတ်က စတင်လို့ ဖမ်းဆီးပြီး ကော်မတီနဲ့ ချိတ်ဆက်ထားတဲ့ ခွေးဂေဟာကို ပို့ဆောင်ပေးဖို့ စီစဉ်နေတယ်လို့ ကော်မတီဥက္ကဋ္ဌ ဦးဝင်းဗိုလ်က သူ့ရဲ့ လူမှုကွန်ရက်ကနေ ကြေညာထားပါတယ်။
ဒီလို ဖမ်းဆီးဖို့အတွက် ကုန်ကျစရိတ်က ခွေး ၁ ကောင်ကို ကျပ် တသောင်းလောက် ကျမှာဖြစ်ပြီး ဒီစရိတ်အတွက် ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ဆယ်သိန်းထည့်ဝင်လှူဒါန်းမယ်လို့ ဆိုပါတယ်။
ခွေးတွေကို ရှင်းလင်းတဲ့အချိန်မှာ ခွေးချစ်တတ်သူ မိဘပြည်သူတွေအနေနဲ့ ဖမ်းဆီး ခေါ်ဆောင် သွားမယ့် ခွေးတွေထဲကနေ ကိုယ့်ရဲ့ အိမ်မှာထားပြီး မွေးသွားဖို့ ဆန္ဒရှိတယ်ဆိုရင်လည်း စည်ပင်သာယာကော်မတီကနေပြီး တရားဝင်မွေးသွားနိုင်ဖို့ အသိအမှတ်ပြု လိုင်စင်ရရှိအောင် စီစဉ်ပေးမယ်လို့ ဆိုပါတယ်။
စည်ပင်ကော်မတီအနေနဲ့ မြို့နယ်ထဲမှာ နေထိုင်ကြတဲ့ အများပြည်သူ အန္တရာယ်ကင်းကင်း သွားလာနိုင်ဖို့ လမ်းပေါ်ကပိုင်ရှင်မဲ့ ခွေးတွေကို အခုလို ရှင်းလင်းရာမှာ ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ကူညီကြဖို့ အလေးအနက် တောင်းဆိုတယ်လို့လည်း ဆိုပါတယ်။
ပန်းဘဲတန်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေဖူးဘဆွေက ရန်ကုန်မှာ ခွေးတွေကို လိုင်စင်လုပ်ပြီး ထိန်းသိမ်းဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။
ခွေးပိုင်ရှင်ဟာ စည်ပင်ကသတ်မှတ်ထားတဲ့ လိုင်စင်နဲ့ မွေးရမှာဖြစ်သလို လိုင်စင်မရှိတဲ့ ခွေးတွေကို နိုင်ငံတော်ပိုင် သတ်မှတ်ပြီး ရပ်ကွက်နေပြည်သူတွေရဲ့ သဘောဆန္ဒအတိုင်း အဆိပ်ကျွေးတာ၊ သားဆက်ခြားတာတွေ လုပ်သွားမယ်လို့ ပြောပါတယ်။