မြန်မာ-တရုတ် နယ်နိမိတ်တိုင်းတာရေးလုပ်ငန်း ပြန်စတင်မည်
DVB
·
May 24, 2019
ဆယ်စုနှစ် ၂ ခုကျော်ကြာ မတိုင်းတာနိုင်ခဲ့တဲ့ မြန်မာ-တရုတ် နယ်နိမိတ်တိုင်းတာရေး လုပ်ငန်းတွေ ပြန်လည်စတင်လုပ်ကိုင်တော့မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ က ပြောပါတယ်။
နေပြည်တော်မှာ မေ ၂၃ရက်က ပြုလုပ်ခဲ့တဲ့ အစိုးရရဲ့ တတိယတနှစ်တာလုပ်ဆောင်ချက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံနဲ့ နှစ်နိုင်ငံနယ်နိမိတ်ပူးတွဲစစ်ဆေးမှုကို မပြုလုပ်နိုင်ခဲ့တာ (၂၃)နှစ် ကျော်ကြာမြင့်ပြီဖြစ်တဲ့အတွက် တတိယအကြိမ် မြန်မာ-တရုတ် နယ်နိမိတ် ပူးတွဲစစ်ဆေးရေးဆိုင်ရာ ကြိုတင်ညှိနှိုင်းအစည်းအဝေးတွေကို ကျင်းပခဲ့ရာ ဒုတိယ အကြိမ်ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် မတ်လအတွင်း တရုတ်နိုင်ငံမှာကျင်းပခဲ့ပြီး ဖြစ်တယ်လို့ အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ထိုင်းနှစ်နိုင်ငံအကြား နယ်နိမိတ်တိုင်းတာရေး သဘောတူညီချက်ကို အမြန်လက်မှတ်ရေးထိုးနိုင်ဖို့အတွက်လည်း မြန်မာ-ထိုင်း အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတွေကို ကျင်းပခဲ့ပြီး နှစ်ဖက်အမြင် ကွာဟမှုတွေကို လျှော့ချနိုင် ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။
အဲဒီ သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးရင် ပတ်ချန်မြစ်ရဲ့ မြောက်ဘက်ရှိ ကုန်းနယ်နိမိတ်မိုင် ၂၀၀ လောက်ကို တိုင်းတာ သတ်မှတ်နိုင်မည်ဖြစ်သလို ကျန်အပိုင်းတွေကို လည်း အပိုင်းလိုက် ဆက်လက်တိုင်းတာသွားမှာ ဖြစ်ပါတယ်။
အလားတူ မြန်မာ-အိန္ဒိယနယ်နိမိတ် နာဂဒေသရှိ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၄၅ နဲ့ ၁၄၆ အကြားမှာ အိန္ဒိယဘက်ဒေသခံတွေက နယ်နိမိတ်ကျော်လွန်ပြီး အဆောက်အအုံ တည်ဆောက်တာ မပြုစေဖို့ ခြံစည်းရိုးကာရံရေး အိန္ဒိယဘက်နဲ့ ပူးတွဲပြီး တည်ဆောက်ပြီး စီးခဲ့ပါတယ်။