Homeမြန်မာသတင်း
သီရိလင်္ကာအသေခံဗုံးခွဲမှု ဆက်နွှယ်သူ ၁ ဦး ပုဂံဟိုတယ်ဇုန်တွင် တည်းခိုခြင်းရှိ မရှိ စိစစ်နေ
သီရိလင်္ကာအသေခံဗုံးခွဲမှု ဆက်နွှယ်သူ ၁ ဦး ပုဂံဟိုတယ်ဇုန်တွင် တည်းခိုခြင်းရှိ မရှိ စိစစ်နေ
DVB
·
May 23, 2019
သီရိလင်္ကာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်စဉ်နဲ့ ဆက်စပ်နေတဲ့ နိုင်ငံခြားသားတဦး မြန်မာနိုင်ငံမှာရောက်ရှိနေပြီး ပုဂံဟိုတယ်ဇုန်ရှိ ဟိုတယ်တွေမှာ တည်းခိုနေထိုင်သွားမှု ရှိ မရှိ သက်ဆိုင်ရာက စိစစ်နေပါတယ်။
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့ရဲ့ အကြောင်းကြားချက်အရ ဟိုတယ်ခရီး ၀န်ကြီး ဌာန၊ ပုဂံဇုန်က မေ ၂၂ရက်မှာ ဟိုတယ်တွေထံ စာတစောင် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ပုဂံဇုန်တာဝန်ခံ၊ ဟိုတယ်ခရီးဝန်ကြီးဌာန ဒုညွှန်ကြားရေးမှူး ဦးဇော်မျိုးလတ်က “လူတဦး ပေါ့နော်၊ ပြန်လည်ထွက်ခွာခြင်း မရှိဘူး။ ကျနော်တို့ ပုဂံဒေသက ဟိုတယ်တွေမှာ တည်းခိုနေထိုင်သွားခြင်း ရှိ မရှိ ကို သူတို့ရဲ့ ဧည့်သည်စာရင်းတွေကို ပြန်စစ်ပြီးတော့ ပြန်တင်ပြပေးဖို့ ကျနော်က အကြောင်းကြားတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဦးဇော်မျိုးလတ် လက်မှတ်ထိုးထုတ်ပြန်ထားတဲ့ စာထဲမှာ “သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ နီဂွမ်တိုမြို့နှင့် ဘတ်ကီကာလေးမြို့များ၌ ဧပြီလ ၂၁ ရက်တွင် ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲ အကြမ်းဖက် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်သည့် ဖမ်းဆီးရမိသော တရားခံများနှင့် ဆက်စပ်ပတ်သက်သူများအနက်မှ ၁၆-၁-၂၀၁၈ ရက်နေ့တွင် ကမ္ဘာလှည့် ခရီးသည်ဗီဇာဖြင့် ရန်ကုန်လေဆိပ်သို့ Jet Star လေကြောင်းလိုင်း၊ ခရီးစဉ်အမှတ် (3K-583) ဖြင့် ၀င်ရောက်ခဲ့သော သံသယဖြစ်ဖွယ် နိုင်ငံခြားသားတစ်ဦးသည် ၎င်း၏ နေထိုင်ခွင့်သက်တမ်း ၁ နှစ်နှင့် ၂ လ ကျော်လွန်နေပြီဖြစ်သော်လည်း ရန်ကုန်လေဆိပ်မှ ပြန်လည် ထွက်ခွာမှု မရှိကြောင်းကို စိစစ်တွေ့ ရှိရသောကြောင့် ၀န်ကြီးဌာန လိုင်စင်ဖြင့် ဆောင်ရွက်နေသော ဟိုတယ်/တည်းခိုရိပ်သာများတွင် တည်းခိုနေထိုင်ခဲ့မှု ရှိမရှိ စိစစ်ပြန်ကြားပေးရန်”လို့ ဖော်ပြပါရှိပါတယ်။
မြန်မာပြည်တွင်းမှာ ရောက်နေသူဟာ အသက် ၃၉ နှစ်အရွယ်ရှိ Mr Abdul Salam Irshad mohmood ဆိုသူဖြစ်ပြီး သူ့ရဲ့ နိုင်ငံကူးလက်မှတ် ပတ်စပို့နံပတ်က N-5467645 ဖြစ်ပါတယ်။
မေ ၂၂ ရက်ကပဲ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်သူဟာ ရန်ကုန်လေဆိပ်လုံခြုံရေး စံမံထားမှုတွေကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
ဓာတ်ပုံ- ဟိုတယ်နှင့်ခရီးသွားလာရေးညွန်ကြားမှုဦးစီးဌာန