အမျိုးသားဇာတ်ရုံ ပြင်ဆင်မွမ်းမံရန် ၂ နှစ်ကြာ ပိတ်ထားမည်
DVB
·
May 22, 2019
ရန်ကုန်မြို့၊ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံကို တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ပြုပြင်မွမ်းမံ အဆင့်မြှင့်တင်သွားမယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အမျိုးသားဇာတ်ရုံကို လာမယ့် သြဂုတ် ၁ ရက်နေ့က စပြီး အဆင့်မြှင့်တင် မွမ်းမံသွားမှာဖြစ်လို့ ဇာတ်ရုံငှားရမ်းသုံးစွဲတာတွေကို ဇွန်လ ၁ ရက်က စတင် ရပ်ဆိုင်းသွားမယ်လို့လည်း အသိပေး ကြေညာထားပါတယ်။
ဇာတ်ရုံရဲ့ အသံစနစ်၊ မီးစနစ်၊ အဲကွန်းစနစ်၊ အလိုအလျောက် မီးငြှိမ်းသတ်စနစ်ကို တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ အဆင့်မြှင့်တင်သွားမှာဖြစ်ပြီး ပွဲကြည့်ထိုင်ခုံတွေ၊ အဆောက်အဦပိုင်း ဆိုင်ရာနဲ့ တခြား အထွေထွေပြုပြင်မွမ်းမံတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်မှာဖြစ်ပြီး အချိန် ၂ နှစ်လောက် ကြာမြင့်မယ်လို့ ခန့်မှန်းထားပါတယ်။
အမျိုးသားဇာတ်ရုံဟာ ၁၉၈၅ ခုနှစ် မတ်လက မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက်ခဲ့တဲ့ တရုတ်နိုင်ငံသမ္မတကြီး လီရှန်နင့်က မေတ္တာလက်ဆောင် ပေးအပ်ခဲ့တာပါ။ ၁၉၈၈ ခုနှစ်က စတင်တည်ဆောက်ခဲ့ကာ ၁၉၉၀ ခုနှစ် ဒီဇင်ဘာလမှာ ပြီးစီးခဲ့ပြီး ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၃၁ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
လက်ရှိ အမျိုးသားဇာတ်ရုံဟာ သက်တမ်း ၂၈ နှစ် ကြာမြင့်ပြီဖြစ်လို့ ပွဲကြည့်ထိုင်ခုံတွေ ပျက်စီးနေသလို အဲကွန်းစနစ်ကလည်း ယိုယွင်းပျက်စီးလာနေလို့ လာရောက် ဖျော်ဖြေသူတွေရော ပွဲကြည့်ပရိသတ်တွေပါ ပူလောင်အိုက်စပ် သက်သောင့်သက်သာ အားပေးကြည့်ရှုနိုင်တဲ့ အခြေအနေ မရှိ ဖြစ်နေတာပါ။