တောင်တွင်းကြီးတွင် ရေကန်တူးဖော်ရာက စစ်ကျန်ဗုံးသီးဟောင်း တွေ့ရှိ
DVB
·
May 20, 2019
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ အုန်းတော ၁ ရပ်ကွက်မှာ မေ ၁၉ ရက် နေ့လယ်ပိုင်းက ဘက်ဟိုးယာဉ်နဲ့ ရေကန်တူးဖော်ရာကနေ စစ်ကျန်ဗုံးသီးဟောင်းတလုံး တွေ့ရှိခဲ့ပါတယ်။
တောင်တွင်းကြီးမြို့ မြို့မစခန်းမှူးက "အုန်းတော ၁ ရပ်ကွက်မှာရှိတဲ့ ပစ္စည်းသိုလှောင်ရုံ ခြံဝင်းအတွင်းမှာ ရေကန်လုပ်ဖို့ ဘက်ဟိုးနဲ့ မြေတူးရာကနေ ဗုံးသီးဟောင်းတလုံး တွေ့ရှိတယ်ဆိုပြီး ခြံပိုင်ရှင် ဦးရာဂျူးက ဖုန်းနဲ့ အကြောင်းကြားတာပါ။ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အုန်းတောရပ်ကွက်စာရေး၊ ခမရ ၁၀၃ က ဗိုလ်ကြီး ခင်မောင်စိုးတို့နဲ့ သွားရောက်စစ်ဆေးတော့ အလျား ၂ ပေ ၈ လက်မ၊ လုံးပတ် ၂ ပေ ၄ လက်မ သံချေးတက် စစ်ကျန် လေယာဉ်ကြဲ ဗုံးသီးဟောင်းတလုံး တွေ့ရှိခဲ့တာပါ” လို့ ပြောပါတယ်။
အဆိုပါ စစ်ကျန်ဗုံးသီးကို ဗိုလ်ကြီး ခင်မောင်စိုးနဲ့ အဖွဲ့က ခမရ ၁၀၃ တပ်ရင်းကို သိမ်းဆည်း သယ်ဆောင်သွားပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်း မင်းလှမြို့နယ်၊ မင်းဘူးမြို့နယ်နဲ့ ငဖဲမြို့နယ်တို့မှာလည်း မကြာခဏ ဆိုသလို စစ်ကျန် ဗုံးသီးဟောင်းတွေ တွေ့ရှိခဲ့ကြပါတယ်။
သတင်း-မင်းထီး