ရေနံချောင်းတွင် ခရီးသည်တင်ယာဉ်နှစ်စီး တိုက်မိ၊ ၂ ဦး သေဆုံး ၁၂ ဦး ဒဏ်ရာရ
DVB
·
May 18, 2019
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ဒေါင်းနေတံတား အနီး မိုင်တိုင်အမှတ် ၃၄၆/၇ အနီးမှာ ချောက်၊မကွေးသွား ခရီးသည်တင်ယာဉ် နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိလို့ လူနှစ်ဦး သေဆုံးခဲ့တယ်လို့ ညောင်လှ နယ်မြေ ရဲစခန်းကနေ သိရပါတယ်။
အသက် ၁၉ နှစ်အရွယ် မောင်ဒီခန့် မောင်းနှင်လာတဲ့ ရွှေမိတ်သစ် ခရီးသည်ယာဉ်ဟာ အရှိန်မထိန်းနိုင်ပဲ တဖက်ယာဉ်ကြောက ဦးရင်ချော မောင်းနှင်လာတဲ့ ရွှေမိတ်သစ် ခရီးသည်ယာဉ်ကို ဝင်တိုက်မိခဲ့တာပါ။
ဒီယာဉ်တိုက်မှူကြောင့် ယာဉ်နောက်လိုက်တဦး နဲ့ ခရီးသည် အမျိုးသမီးတဦးတို့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့သလို စုစုပေါင်း လူ ၁၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ထိခိုက် ဒဏ်ရာရရှိသူတွေကိုတော့ မကွေး ပြည်သူဆေးရုံးကြီးနဲ့ ရေနံချောင်း ပြည်သူဆေးရုံကြီးကို ပို့ဆောင်ထားပြီး ၂ ယောာက်ကတော့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။
ဒီယာဉ်တိုက်မှုနဲ့ ပတ်သက်လို့ ယာဉ်မောင်း မောင်ဒီခန့်ကို လူသေဆုံးမှု ထိခိုက်နာကျင်စေမှူတွေနဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ ညောင်လှ နယ်မြေရဲစခန်းက သိရပါတယ်။