ထိန်းသိမ်းခံထားရသည့် ကျောက်တန်းရွာသား ၂၂ ဦး လွတ်မြောက်
DVB
·
May 12, 2019
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းမှာ တမ်မတော်က အေအေနဲ့ ပက်သက်တယ်ဆိုပြီး သံသယနဲ့ ထိန်းသိမ်းစစ်ဆေးနေတဲ့ ရွာသားတွေထဲကနေ ၂၂ ဦးကို မနေ့က ထပ်မံလွှတ်ပေးလိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
"ဒီနေ့ ညနေပိုင် ၂၂ ဦး လွှတ်လိုက်ပါတယ်။ မေလ ၁၀ ရက်နေ့ မနက်ပိုင်းက လက်မှတ်သွားထိုးတဲ့အချိန်မှာ ၂ ဦးကို ပြန်ဖမ်းထားလိုက်ပါတယ်။ သူတို့ ၂ ဦးတော့ ပြန်မပါလာသေးပါဘူး။ လွှတ်ပေးထားသူတွေအားလုံး နေ့တိုင်း တပ်က စစ်ဆေးနေတဲ့ စာသင်ကျောင်းကို သွားပြီး ကျေးရွာမှာရှိနေကြောင်း လက်မှတ်ထိုးရပါတယ်" လို့ပြောပါတယ်။
ကျောက်တန်းရွာမှာ ထိန်းသိမ်းစစ်ဆေးနေတဲ့ ၄၀ ကျော်ထဲကနေ ၂၂ ဦးကို ပြန်လွှတ်ပေးလိုက်တာပါ။
ကျောက်တန်းရွာမှာ အေအေတပ်ဖွဲ့နဲ့ ပက်သက်တယ်ဆိုပြီး သံသယနဲ့ ရွာသား ၂၇၅ ဦးကို တပ်မတော်က ဧပြီ ၃၀ ရက်နေ့က ဖမ်းဆီးခဲ့တာပါ။ မေ ၂ ရက်နေ့မှာ ဖမ်းဆီးစစ်ဆေးနေတုန်း တပ်မတော်သားတွေဆီက သေနတ်လုလို့ဆိုပြီး ပစ်ခတ်တာကြောင့် ရွာသား ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီနောက် မေ ၃ ရက်နေ့မှာ ရွာသား ၁၂၆ ဦး၊ မေ ၆ ရက်နေ့မှာ ၄၈ ဦး၊ မေလ ၈ ရက်နေ့မှာ ၃၅ ဦး အသီးသီး လွတ်မြောက်လာခဲ့ပါတယ်။
ရခိုင်ပြည်နယ်၊ ကျောက်တန်းကျေးရွာမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၆ ဦးသေဆုံးခဲ့တာနဲ့ ပတ်သက်လို့ သက်ဆိုင်သူတွေကို ဥပဒေနဲ့အညီ စစ်ဆေးနေပြီး ဥပဒေနဲ့ ညီညွတ်ခြင်းမရှိပါက ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောဆိုထားပါတယ်။
ဗညား