ခွေးလေခွေးလွင့်များ မျိုးဆက်မပြန့်ပွားရေး လုပ်ဆောင်နေ
DVB
·
May 11, 2019
ခွေးလေခွေးလွင့် အကောင်ရေ ၅၀၀ ကို မျိုးဆက်မပြန့်ပွားစေဖို့နဲ့ ခွေးရူးရောဂါပိုး မကူးစက်စေဖို့ ထိန်းချုပ်ရေးလုပ်ငန်းတွေကို ရှေ့ပြေးစီမံချက်အနေနဲ့ လုပ်ဆောင်နေပြီလို့ တိရစ္ဆာန်ဆေးကုဆရာဝန်များအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ခွေးလေခွေးလွင့်မျိုးပွားတာ ထိန်းချုပ်ရေးအတွက် သားကြောဖြတ်ခွဲစိတ်တာနဲ့ ခွေးရူးကာကွယ်ဆေးထိုးတဲ့ စီမံချက်ကို ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှာ စတင်လုပ်ဆောင်နေပါတယ်။
ဒီစီမံချက်က ရှေ့ပြေးဆောင်ရွက်တာ ဖြစ်ပြီး မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအဖွဲ့၊ ထိုင်းနိုင်ငံက အဖွဲ့တွေနဲ့ သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူတွေ ပါဝင်ပူးပေါင်းလုပ်ဆောင်တာပါ။
လေလွင့်ခွေးနှစ်စဉ် ပွားနှုန်းများနေတာက ၄ နှစ်အတွင်း ၁ ဆတိုး ပေါက်ပွားနေလို့ မထိန်းချုပ်ရင် အခုထက်ပိုများလာပြီး ထိန်းချုပ်ဖို့ခက်ခဲသွားနိုင်တာကြောင့် ခုကတည်းကစတင် ဆောင်ရွက်တာလို့ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအဖွဲ့ဒုက္ကဋ္ဌ ဒေါက်တာစိုးမင်းက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ခွေးရူးရောဂါပပျောက်ရေးအတွက် ဆောင်ရွက်နေသလို အိမ်နီးချင်း မြန်မာနိုင်ငံက ခွေးလေခွေးလွင့်ပေါက်ပွားနှုန်း မြင့်တက်နေတာကိုလည်း Mission Rabies ထိုင်းအဖွဲ့အစည်းက ခွေးရူးရောဂါပပျောက်ရေး ဆောင်ရွက်ချက်တစိတ်တဒေသအဖြစ် လာရောက်ပံ့ပိုးကူညီတဲ့အနေနဲ့ ဆောင်ရွက်တာလို့ ဆိုပါတယ်။
ဒီရှေ့ပြေး စီမံချက်မှာ ခွေးအကောင် ၅၀၀ ကို ခွေးရူးပြန်ကာကွယ်ဆေး ထိုးပေးမှာဖြစ်ပြီး နောက်ပိုင်း ခွေးအကောင်အကုန်လုံးကို ထိုးပေးသွားမယ်လို့ လှိုင်မဲဆန္ဒနယ်အမှတ် ၁ က လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့လည်း ခွေးလေခွေးလွင့် တွေကို အဆိပ်ချသတ်ဖြတ်တာတွေ မလုပ်တော့ဘဲ မျိုးပွားတာ ထိန်းချုပ်တာနဲ့ တခြားနည်းလမ်းတွေကို အသုံးပြုစီမံသွားဖို့ရှိတယ်လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာ ခွေလေခွေးလွှင့် အကောင်ရေ ၁ သိန်းခွဲကျော် ရှိတယ်လို့ ဆိုပါတယ်။
မေစု