Homeမြန်မာသတင်း
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည် မကွေးတိုင်းလူထုနှင့် တွေ့ဆုံပွဲ ပြုလုပ်
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည် မကွေးတိုင်းလူထုနှင့် တွေ့ဆုံပွဲ ပြုလုပ်
DVB
·
May 10, 2019
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မကွေးမြို့ မြို့တော်ခန်းမမှာ မေလ ၉ ရက်နေ့ ညနေပိုင်းက လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါတယ်။
တွေ့ဆုံပွဲမှာ မြို့တော်ခန်းမအတွင်း လူဦးရေ မဆန့်တဲ့အတွက် အပြင်ဘက်ကနေ LED နှစ်လုံးနဲ့ ပြသပေးထားတာပါ။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က "မေးခွန်းမေးချင်တာဖြစ်ဖြစ် တိုင်ချင်တာဖြစ်ဖြစ် တိုင်စာဌာန အမြဲဖွင့်ထားပြီး တိုင်စာအားလုံးကို ဖတ်ပါတယ်။ သက်ဆိုင်တဲ့ ပြည်ထောင်စုဝန်ကြီးဌာနက တာဝန်ယူပြီး တင်တဲ့စာတွေ အားလုံးကို ဖတ်ပြီး အရေးယူကာ စာတွေကို လျစ်လျူမရှုပါဘူး။ တချို့က ကိုယ်တိုင်ထမေးမှ ကျေနပ်တယ်ဆိုတော့ ကိုယ်တိုင်မေးချင်တာကြောင့်လား ရုပ်မြင်သံကြားမှာ ပါချင်လို့လား၊ ရုပ်မြင်သံကြားမှာ ပါချင်တဲ့ ရောဂါကိုတော့ ကုကြပါ။ မေးခွန်းမေးရာမှာလည်း မိမိအကျိုးထက် အများအကျိုး မေးမြန်းဖို့ လိုအပ်တယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မကွေးမြို့ နယ်ကြာကန်ကျေးရွာက လူထုတွေ့ဆုံပွဲ တက်ရောက်လာသူ ကိုဇော်မင်းထိုက်က "မကွေးတိုင်းဒေသကြီးဟာ အခြားတိုင်းတွေနဲ့စာရင် တင်ပြချင်တာတွေ များတဲ့အတွက် ပြည်သူလူထု တင်ပြစာတွေလည်း အရမ်းကို များပြားနေပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်း တချို့နေရာတွေမှာ သိန်းထောင်ချီပြီး လမ်းတံတားတွေ ဆောက်လုပ်နေပေမယ့် တကယ်ရေငတ်နေတဲ့လူတွေဆီကို သောက်သုံးရေရရှိရေး ငွေသိန်း ၁၀၀၊ ၂၀၀ မရောက်တာတွေရှိနေလို့ တင်ပြဖို့အတွက် ရောက်ရှိလာတာပါ” လို့ ပြောပါတယ်။
အပြန်အလှန် မေးခွန်းမေးမြန်းမှုတွေကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သက်ဆိုင်ရာ အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး၊ တိုင်ဒေသကြီး ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေက ပြန်လည်ဖြေကြားခဲ့တာပါ။
မေလ ၁၀ ရက်နေ့ မနက်ပိုင်းမှာ ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတိမြေ နတ်မောက်မြို့မှာ ဆေးရုံသစ်ဖွင့်ပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
သတင်း - မင်းထီး