သေဆုံးနှုန်းအများဆုံး ရောဂါ ၃ မျိုးတွင် နှလုံးသွေးကြောကျဉ်းရောဂါ ပါဝင်
သူဇာလင်း
·
April 29, 2019
ကမ္ဘာပေါ်မှာ သေဆုံးနှုန်း အများဆုံးရောဂါ ၃ မျိုးထဲမှာ နှလုံးသွေးကြောကျဉ်းရောဂါ ပါဝင်နေတယ်လို့ ဒီကနေ့ မြန်မာနိုင်ငံ ဆရာဝန်အသင်းမှာ ကျင်းပတဲ့ နှလုံးသွေးကြောကျဉ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲက သိရပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါနဲ့ သွေးကြောပိတ်ရောဂါကြောင့် နှစ်စဉ် အမျိုးသားတွေမှာ ၂၅ ဒသမ ၄ ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေက ၂၅ ဒသမ ၅ ရာခိုင်နှုန်း သေဆုံးနေတယ်လို့ ဆိုပါတယ်။
နှလုံးသွေကြောကျဉ်းရောဂါဟာ မိသားစု မျိုးရိုးအလိုက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဖြစ်တတ်သလို ဆေးလိပ်သောက်သူတွေ၊ ကွမ်းစားတဲ့သူတွေ၊ သွေးတိုးရောဂါရှိသူတွေနဲ့ သွေးချို၊ ဆီးချို ရောဂါရှိသူတွေမှာလည်း ဖြစ်ပွားတတ်ပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါဆိုင်ရာ အသိပညာပေး ဟောပြောပွဲကိုတော့ အာရှတော်ဝင်ဆေးရုံက ဦးဆောင်ကျင်းပတာဖြစ်ပြီး နှစ်စဉ် ဧပြီလရောက်တိုင်း မြန်မာအပါအဝင် နိုင်ငံပေါင်း ၅၄ နိုင်ငံမှာ ကျင်းပလေ့ရှိပါတယ်။