‘ဒေါင်းတို့မျိုးဆက်’ သံချပ်အဖွဲ့ ကျောင်းကုန်းမြို့အ၀င်တွင် တားဆီးနှောင့်ယှက်ခံရ
ပိုင်စိုး
·
April 13, 2019
ဧရာဝတီတိုင်းဒေသကြီးထဲမှာ လိုက်ဖျော်ဖြေနေတဲ့ ဒေါင်းတို့မျိုးဆက် သင်္ကြန် သံချပ်အဖွဲ့ဟာ မနေ့က ကျောင်းကုန်းမြို့ကို အသွား မြို့အဝင်မှာ လူအုပ်စုကြီး တစုရဲ့ တားဆီးနှောင့်ယှက်တာ ခံခဲ့ရပါတယ်။
မနေ့ည ၇ နာရီလောက်က မအူပင်ကနေ ကျောင်းကုန်းမှာ ဖျောဖြေဖို့သွားရောက်ရာမှာ မြို့အဝင်မှာ တားဆီးခံရတာလို့ သံချပ်အဖွဲ့ဝင် ကိုပိုင်ရဲသူက ဒီဗွီဘီကို ပြောပါတယ်။
“ကားတွေ ဆိုင်ကယ်တွေနဲ့ လူ ၇၀၊ ၈၀ လောက်ရှိတယ်။ လမ်းမကြီးကို ပိတ်ထားတယ်။ လက်ခလယ်ထောင်ပြတာတို့ မဖွယ်မရာတွေ လုပ်ပြတယ်။ ဒါပေမယ့် ရဲတွေ တယောက်မှ ရောက်မလာဘူး။ အဲလိုတားခံနေရတာ နာရီဝက်လောက်ကြာတယ်။ ဒါနဲ့ပဲ ကျနော်တို့လည်း ပြဿနာဖြစ်မှာစိုးလို့ ပန်းတနော်ကို ထွက်ခဲ့လိုက်တယ်။ ပန်းတနော်အဝင် ရောက်တဲ့အထိ ကား ၄ စီးလောက်နဲ့ ဆိုင်ကယ်တွေ လိုက်ပြီးနှောင့်ယှက်နေတုန်းပဲ” လို့ ပြောပါတယ်။
သံချပ်အဖွဲ့မှာ ကား ၂ စီးပါပြီး အဖွဲ့ဝင်ကတော့ ၃၅ ယောက်လောက် လိုက်ပါလာတာ ဖြစ်ပါတယ်။
သမဂ္ဂကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖျာပုံ၊ ကျိုက်လတ်၊ မအူပင်စတဲ့ ဧရာဝတီတိုင်းထဲက မြို့တွေမှာ လိုက်ပြီး ဖျော်ဖြေနေတာပါ။
ပြီးခဲ့တဲ့ ၁၁ ရက်ကလည်း ကွမ်းခြံကုန်းကနေ ဒေးဒရဲကို ဖျော်ဖြေဖို့ သွားနေတုန်း ဒေးဒရဲ တံတားအဆင်းမှာ ဒေးဒရဲမြို့နယ်မှူးအမိန့်နဲ့ဆိုပြီး ဆက်မသွားဖို့ ရဲတွေက တားဆီးခဲ့သလို မြို့ထဲမှာ ဖျော်ဖြေနေတုန်းမှာလည်း ရဲတွေက လာရောက်တားဆီးခဲ့ပါသေးတယ်။
ဓာတ်ပုံ- ပိုင်ရဲသူ