မုံရွာဟိုတယ်တွင် ၁ ရက်တည်း မီးနှစ်ကြိမ် လောင်ကျွမ်း
Aung Ko Latt
·
April 7, 2019
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းဘေးရှိ မုံရွာဟိုတယ်မှာ ဧပြီ ၆ ရက်နေ့ တရက်တည်းမှာ မီးလောင်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး မီးလောင်တဲ့ အခန်းတွေမှာ ဧည့်သည်မရှိဘူးလို့ သိရပါတယ်။
"မနက်ပိုင်းလောင်တာက ရေချိုးခန်းအတွင်းက Exault Fan အပူလွန်ကဲပြီးလောင်တာ။ အခုညနေ လောင်တာကတော့ စစ်ဆေးနေဆဲပါ" လို့ မုံရွာမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ပထမအကြိမ်က မနက် ၃ နာရီကျော်အချိန်က လောင်ကျွမ်းခဲ့တာဖြစ်ပြီး အခန်းတွင်းရှိ ပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့ကာ တန်ဖိုးကျပ် ၉၈၀၀၀၀ ကျော်ဖိုး ဆုံးရှုံးခဲ့ပါတယ်။ ညနေပိုင်း ၃ နာရီကျော်အချိန်မှာလည်း မုံရွာဟိုတယ်အတွင်း မနက်ကလောင်တဲ့ တိုက်ခန်းတွဲနဲ့ ကပ်လျက်တိုက်ခန်းတွဲက အစွန်ဆုံးအခန်းမှာ ထပ်မံလောင်ကျွမ်းခဲ့ပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မီးသတ်တပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်လို့ မသိရသေးပါဘူး။
မုံရွာမြို့နယ်မှာ ၂၀၁၉ ခုနှစ်အတွင်း ဇန်နဝါရီလမှာ မီးလောင်မှု ၃ ကြိမ်၊ ဖေဖော်ဝါရီလမှာ ၉ ကြိမ်၊ မတ်လမှာ ၇ ကြိမ်၊ ဧပြီလ ပထမပတ်မှာ အခုမီးလောင်မှုအပါအဝင် ၃ ကြိမ်ရှိပြီဖြစ်ပါတယ်။
ဖော်ပြတဲ့ မီးလောင်မှုတွေထဲ တောမီး၊ ကိုင်းတောမီးနှင့် အမှိုက်ပုံမီးတွေ မပါဝင်သေးပါဘူး။ ၂၀၁၈ ခုနှစ်အတွင်း မုံရွာမြို့နယ်အနေနဲ့ မီးလောင်မှု ၃၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ခဲ့ပါတယ်။