မိုင်းကန်သစ်တောကြိုးဝိုင်းအတွင်း တရားမ၀င်ကျွန်းသစ်ခွဲသား ၁၀ တန်ကျော် ဖမ်းမိ
DVB
·
April 6, 2019
မိုင်းတုံမြို့နယ် မိုင်းကန်သစ်တောကြိုးဝိုင်းအတွင်း တပ်မတော်စစ်ကြောင်းက တရားမ၀င် ကျွန်းခွဲသား ၁၀ တန်ကျော် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် မိုင်းကန်သစ်တောကြိုးဝိုင်း ဧရိယာအတွင်း စစ်ဗျူဟာအခြေချ (မိုင်းတုံ) လက်အောက်ခံတပ်မတော်လှုပ်ရှား စစ်ကြောင်းက တရားမဝင် ခွဲစိတ်စုပုံထားတဲ့ ကျွန်းခွဲသားဆိုဒ်စုံ ၂၀၂၃ ချောင်းကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး မိုင်းတုံမြို့နယ် သစ်တောဦးစီးဌာနကို ဧပြီ ၅ ရက်နေ့မှာ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးဖိုးချိုက ပြောပါတယ်။
"ဖမ်းမိခဲ့တာတော့ မတ် ၂၉ ရက်နေ့ကတည်းကပါ။ တဆင့်ချင်း သယ်ယူရေးကိစ္စတွေ ဆောင်ရွက်နေလို့ တပ်မတော်က ဒီနေ့မှ လွှဲပြောင်းအပ်နှံလို့ သစ်တောဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်သွားမှာပါ။"
မိုင်းဆတ်ခရိုင်အတွင်း တရားမဝင်သစ် ထုတ်လုပ်သယ်ဆောင်တာ မရှိစေရေး တပ်မတော်လှုပ်ရှားစစ်ကြောင်းတွေက နယ်မြေရှင်းလင်းဆောင်ရွက်ပြီး ပြည်သူသတင်းပေးစနစ် ကျင့်သုံးကာ ဖော်ထုတ်ဖမ်းဆီးတာတွေ ဆက်တိုက်ဆောင်ရွက် နေတာပါ။
အဆိုပါ ဖမ်းဆီးရမိတဲ့ ကျွန်းခွဲသားတွေကို မိုင်းတုံသစ်တောဦးစီးဌာနက သစ်တောဥပဒေပုဒ်မ ၄၃ (က) အရ အရေးယူဖို့ အမှုဖွင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။