ဘော်ကြိုဘုရားပွဲ (ဓာတ်ပုံအက်ဆေး)
DVB
·
March 22, 2019
ဘော်ကြိုမုဋ္ဌောစေတီတော်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ဘော်ကြိုကျေးရွာမှာ တည်ရှိပါတယ်။ ဘော်ကြိုကျေးရွာကတော့ မန္တလေး လားရှိုး - မူဆယ် ပြည်ထောင်စု လမ်းမကြီးနဲ့ မန္တလေး - လားရှိုး မီးရထားလမ်း ကြားမှာတည်ရှိပါတယ်။ သီပေါမြို့နဲ့ ဆိုရင် ၇ မိုင်၊ ကျောက်မဲမြို့နယ် ၁၄ မိုင် ကွာဝေးပါတယ်။ ဒုဋ္ဌ၀တီမြစ်နဲ့လည်းနီးပါတယ်။
ဘုရားဒကာကတော့ သီရိဓမ္မာ သောကမင်းကြီးဖြစ်ပါတယ်။ ဘုရားလောင်းဝက်မင်းဘ၀က နေခဲ့တဲ့နေရာဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ မုဋ္ဌောရဲ့အဓိပ္ပါယ်က ၀က်နှုတ်သီးနဲ့ ထိုးနှိုက်ခြင်း လို့ယူဆကြပါတယ်။ ခရစ်သက္ကရာဇ် ၁၁၇၄ ခုနှစ် (မြန်မာသက္ကရာဇ် ၅၃၆ ) မှာ နရသီဟပတေ့မင်းကြီးက မုဒ်လေးမုဒ်မှာ ရုပ်ပွားတော် ၄ ဆူကို စကားသားနဲ့ ထုလုပ် ကိုးကွယ်ခဲ့ပါတယ်။
ပလောင်၊ တအာန်း၊ ရှမ်းလူမျိုးတွေဟာ မိမိတို့ ရိုးရာဝတ်စုံတွေကို ၀တ်ဆင်ပြီး အဲဒီဘုရားပွဲကိုလာလေ့ရှိပါတယ်။ ရှေးခေတ်က လောင်းကစားဝိုင်းတွေနဲ့ စည်းကားခဲ့တဲ့ ဘုရားပွဲလည်းဖြစ်ပါတယ်။
ဘော်ကြိုဘုရားပွဲတော်ကို နှစ်စဉ် တပေါင်း လဆန်း ၇ ရက်နေ့ကနေ လပြည့်ကျော် ၁ ရက် နေ့အထိ ကျင်းပလေ့ရှိပါတယ်။ တပေါင်းလပြည့်နေ့မှာ ဆွမ်းကပ်လေ့ရှိပါတယ်။