လက်ပံတန်းရဲစခန်းဝန်းအတွင်း မြေကျင်းတူးရာက ဗုံးသီးအဟောင်းများ တွေ့ရှိ
DVB
·
March 21, 2019
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ မြို့မရဲစခန်းဝန်းအတွင်းမှာ အဆောက်အဦ ဆောက်လုပ်ဖို့ မြေကျင်းတူးရာကနေ ဗုံးသီးအဟောင်း ၉၁ လုံးတွေ့ရှိခဲ့ပါတယ်
လက်ပံတန်းရဲစခန်းဝန်းအတွင်းမှာ မတ်လ ၁၉ ရက်က ၄ ခန်းတွဲ ၂ထပ်အဆောက်အဦ ဆောက်လုပ်ဖို့ တော်ဝန်စံနန်းကုမ္ပဏီက ရှင်းလင်းရေးဆောင်ရွက်ရာ အဆောက်အဦဟောင်းကို ဘက်ဟိုးနဲ့ ဖြိုချပြီး မြေကြီးကော်ထုတ်စဉ် အရှည် ၁၂ လက်မ လုံးပတ် ၉ လက်မ ခန့်ရှိ သံချေးတက်နေတဲ့ ဗုံးသီးအဟောင်းတွေ တွေ့ရှိခဲ့တာပါ။
လက်ပံတန်းရဲစခန်းတာဝန်ရှိသူ တဦးက “ အဆောက်အဦဆောက်ဖို့ မြေကြီးကော်နေရင်း အုန်းပင်အမြစ်ကို ဘက်ဟိုးနဲ့ ဆွဲကော်ဖို့ဘေးက မြေကြီးတွေကို အရင်တူးနေရင်းနဲ့ ဗုံးသီး အဟောင်းတွေ့တာကြောင့် လုပ်ငန်းရပ်ပြီး ဆက်လက်ရှာဖွေခဲ့တာပါ။ အဲ့ဒီမှာ ဗုံးသီးအဟောင်း ၉၁ လုံးထိ တွေ့ရှိပါတယ်။ ဒါ့ကြောင့် ဆောက်လုပ်မယ့် လုပ်ငန်းကို ခဏရပ်ထားပြီး သက်ဆိုင်ရာ စစ်တပ်ကို အကြောင်းကြားတဲ့အခါ BE တပ်နဲ့ တပ်မ ၃၅ က တာဝန်ရှိသူတွေ ရောက်ရှိလာပြီး ဆက်လက်ဆောင်ရွက်နေပါတယ်"လို့ ပြောပါတယ်။
ဗုံးသီးအဟောင်းတွေကို သက်ဆိုင်ရာ စစ်မြေပြင်အင်ဂျင်နီယာတပ် သို့မဟုတ် ခဲယမ်း မီးကျောက် တပ်သို့ အပ်နှံနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်။
သတင်း - ဝဏ္ဏထွန်း